အမှားများ ဆက်လုပ်နေလျှင် ခက်ခဲသည့် တောင်ကို တက်ရမည်ဟု ဖရန့်လမ်းပတ် သတိပေး

ချဲလ်ဆီးနည်းပြဖရန့်လမ်းပတ်သည် ဝက်စ်ဘရွန်းနှင့် သုံးဂိုးစီ သရေကျသည့်ပွဲတွင် ချဲလ်ဆီး၏ ဆိုးရွားသည့် ခံစစ်အမှားများကို မြင်တွေ့ခဲ့ရပြီးနောက် အကြီးအကျယ် ဒေါသထွက်လျက်ရှိသည်။

ယခုနွေရာသီတွင် ပေါင်သန်း ၂၀၀ ကျော် အသုံးပြုကာ ကစားသမားသစ်များ ခေါ်ယူအားဖြည့်ထားသည့် ချဲလ်ဆီးသည် ပထမပိုင်းတွင်ပင် ပရီးမီးယားလိဂ် တန်းတက်အား သုံးဂိုးပေးခဲ့ရပြီး နောက်က လိုက်ကစားခဲ့ရသည်။ ဝက်စ်ဘရွန်း ရရှိသွားခဲ့သည့် သုံးဂိုးလုံးမှာ ချဲလ်ဆီး နောက်ခံလူများ အမှားမှ ရရှိသွားခဲ့သည့် ဂိုးများ ဖြစ်သည်။

ချဲလ်ဆီးသည် ဒုတိယပိုင်းတွင် ချေပဂိုးများ ပြန်လည် သွင်းယူကာ ရမှတ် ၁ မှတ် ရယူနိုင်ခဲ့သော်လည်း လမ်းပတ်မှာ နောက်တန်းအမှားများအတွက် အကြီးအကျယ် ဒေါသထွက်နေသည်။

ဖရန့်လမ်းပတ်က “ဒါက ၂ မှတ် ဆုံးရှုံးမှုပါ။ ဝက်စ်ဘရွန်းကို လေးစားမှု မရှိခဲ့ကြဘူး။ ဒါပေမယ့် ဘာတွေ မှားခဲ့တယ်ဆိုတာ နားလည်ရပါမယ်။ ပွဲ အပြောင်းအလဲ၊ အမှားတွေ၊ တန်ပြန်တိုက်စစ်နဲ့ အလွတ်တည်ကန်ဘောအမှားတွေကနေ ဂိုးပေးရတာပါ။ ဒီအမှားတွေကို လုံးဝ မလုပ်သင့်ဘူး။ ဒီအမှားတွေကြောင့်ဘဲ ပွဲက အရမ်းကို ခက်ခဲသွားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ မဆုတ်မနစ် ကြိုးစားမှုကိုတော့ ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်လို့ ကျွန်တော်တို့ ဒီပွဲကို အမှားကင်းကင်းနဲ့ ကစားနိုင်ခဲ့ရင် ဒီလို ကစားနေစရာမလိုပါဘူး။ ပထမဂိုးက အကူးအပြောင်းတစ်ခုမှာ မားကို့စ်(အလွန်ဆို)က ကွင်းအလယ်တန်းသို့ ခေါင်းတိုက် ချပေးခဲ့တယ်။ ဒုတိယတစ်လုံးက တီယာဂိုမှားတာ။ ဒီပွဲက သူ့ရဲ့ ပထမဆုံးပွဲဆိုတော့ နားလည် ပေးလို့ရတယ်။ တတိယဂိုးမှာ မားကို့စ်က ထောင့်ကန်ဘောမှာ လူကပ်တာ လွတ် သွားတယ်။ ဒီလိုလိုမျိုး အမှားတွေသာ လုပ်မယ်ဆိုရင် မင်းတို့ကို ကိုယ်တိုင်ဘဲ တောင်တစ်ခုကို တက်ရအောင် (ကိုယ့်ကိုယ်ကို ခက်ခဲအောင်)လုပ်နေတာ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့ အမှားတွေကို လျှော့ချရပါမယ်။ ဒီလိုဂိုးမျိုးတွေက လုံးဝ မပေးသင့်တဲ့ ဂိုးတွေပါ။ ကျွန်တော်တို့ အရင်ကထက် ပိုပြီးတော့ စုစည်းနေဖို့ လိုတယ်။ တစ်ဦးကို တစ်ဦး သတ္တိတွေ ရှိအောင် ဖေးမရပါမယ်”ဟု ပြောကြားသွားသည်။

ချဲလ်ဆီးသည် ယခုပွဲတွင်လည်း ဂိုးပေးခဲ့ရမှုကြောင့် ဖရန့်လမ်းပတ်လက်ထက် နောက်ဆုံးပရီးမီးယားလိဂ် ၂၁ ပွဲတွင် ပွဲ ၂၀ အထိ ဂိုးပေးထားရပြီး ဖြစ်သည်။

Facebook Comments Box
Facebook Comment