
အမှားမလွတ်သေးတဲ့ ပြဿဒါးနေ့စွဲအောက်က ဖိအားပို လမ်းပတ်
-ထွန်းထွန်းဦး(လှိုင်)
ဒီအချိန်မှာ လမ်းပတ်အတွက်တော့ အရာရာဟာ မျက်ခုံး ခပ်လှုပ်လှုပ်ရယ်ပါ။
နှစ်သစ်ရောက်လာတာတောင် ချယ်လ်ဆီးက သူလိုချင်တဲ့ ဟန်ပန်မျိုး အကောင်းစား လုံးလုံးကို မရသေးတာပါ၊ အညံ့စား စာရင်းဝင်နေတဲ့ အနေအထားလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။
တိုက်စစ်သွားတာ သိပ်ကောင်းသလောက် အဆုံးသတ်တဲ့အပိုင်းတွေမှာ လုံးဝကို အဆင်မပြေခဲ့တာ အခုအချိန် အထိပဲဆိုပါတော့ …
(ဂိုးလိုရင် နောက်က တက်သွင်းတာ မပြောကြေး .. )
( လူအိုကြီး ဂျရူးရဲ့သွင်းဂိုးတွေ ထည့်မပြောကြေး ..)
(အန်ဆယ်လော့တီ၊ ဒီမက်တီယို၊ဘင်နီတက်ဇ်၊ ကွန်တီနဲ့ ဆာရီတို့ ဖလားယူခဲ့တာ မပြောကြေး)
အခွင့်အရေးကောင်းတွေကို ပြိုင်ပွဲတွေ ကစားတိုင်းရနေပါလျက်နဲ့ ရလဒ်က ပွဲသိမ်းရင် ဆိုးဆိုးနေတာ ချယ်လ်ဆီးအတွက် မဖြစ်သင့်တဲ့ အနေအထားလို့တောင် ဆိုရမယ်။
အခုလည်း ပရီးမီးယားလိဂ် ရာသီဝက်ကျိုးကျဖို့ ၂ ပွဲလောက်အလိုမှာ ချယ်လ်ဆီးဟာ ထိပ်သီး ၄ သင်း စာရင်းထဲတောင် မဝင်နိုင်တဲ့အဖြစ်နဲ့ တိုးနေသလို ရလဒ်တွေကလည်း တရစပ်နီးပါး ထိလာတာဟာ လူပြောများနေပြီ။

၄-၃-၃ ဟာ လမ်းပတ် တည်ချင်သလိုမျိုး အလုပ်ဖြစ်မှု အားနည်းနေသလားဆိုတော့ အဲ့ဒီလိုမျိုးလည်း မဟုတ် ပြန်ပါဘူး။
အလုပ်ဖြစ်တယ်။
ဒါပေမဲ့ ထိရောက်မှုအားနည်းသလို သူချမှတ်ထားတဲ့ ဗျူဟာပိုင်းမှာ ပြိုင်ဘက်ကို အလဲထိုးဖို့အတွက် အဆင်သင့်မဖြစ်သေးတဲ့ ကစားသမားတွေနဲ့ လုံးလည်ချာလည်လိုက်နေတာ တွေ့ရမယ်။
မန်စီးတီးနဲ့ပွဲမှာ သိသာတယ်။ အိမ်ရှင်ဖြစ်တယ်။ ထိုးဖောက်ခွင့်တွေ သူတစ်ပြန် ကိုယ်တစ်ပြန်နဲ့ သိပ်ကြည့်ကောင်းခဲ့တယ်။
ဒါပေမဲ့ ဂိုးရသလားဆိုတော့ မန်စီးတီးကသာ ၃ ဂိုးရသွားတယ်။
ချယ်လ်ဆီးအတွက် ဂိုးတစ်ဂိုးရဖို့ကို မိနစ် ၉၀ အစွန်းထွက်တဲ့အထိ စောင့်လိုက်ရတယ်။
(သူတို့ပင်ပန်းကြသလို၊ ကိုယ်တွေလည်း အိပ်ရေးပျက်ရတယ်ပေါ့)
မန်စီးတီးက ချယ်လ်ဆီး သွားနိုင်မယ့် တိုက်စစ်လမ်းကြောင်းနဲ့ ဗျူဟာအခင်းအကျင်းအပိုင်းမှာသာမက ကစားသမားတွေရဲ့ချိတ်ဆက်နားလည်မှု အပိုင်းမှာရော၊ စုဖွဲ့တည်ဆောက်မှု အပိုင်းမှာပါ ပါးပါးနပ်နပ်နဲ့ အိမ်ရှင်ကို တုံ့ပြန်ခဲ့ကြတယ်။

ဒုတိယပိုင်း မိနစ် ၆၀ ကနေ ၆၂ မိနစ်အတွင်း ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်ကို တွေ့လိုက်ရသူတွေ သိပါလိမ့်မယ်။
ဘာလဲဆိုတော့ ချယ်လ်ဆီးကစားသမားတွေဟာ မန်စီးတီးထိုးစစ်ကို ဖျက်ထုတ်ရင်း ကိုယ့်လူဆီ ဘောလုံးပြန် ပေးရာမှာ တိကျမှုမရှိသလို မန်စီးတီးက ပြန်ရလာတဲ့ ဘောလုံးကို အစုအဖွဲ့နဲ့ ချယ်လ်ဆီးတစ်သင်းလုံး ဆင်းခု ခံတဲ့ အနေအထားကို ပါးနပ်စွာ ကိုယ့်အချင်းချင်း ဘောလုံးပုတ်ကစားရင်း ရှေ့ကနေ နောက်၊ နောက်ကနေ ရှေ့ ဆိုသလို လိုအပ်သလို ကစားပြသွားတာ မြင်ရတော့ လမ်းပတ်နဲ့ ဂွါဒီယိုလာကြားက အတွေ့အကြုံ၊ ပြီးတော့ က စားသမားတွေကြားက ပရီးမီးယားလိဂ် အထားအသိုနဲ့ ကွင်းတွင်းပိုင်း အနေအထားဟာ ကွာဟချက်တွေနဲ့ ပိုင်းခြားထားတယ်ဆိုတာ တွေ့ရပြီးဖြစ်ပါလိမ့်မယ်။
တစ်ခုရှိတာက အဲ့ဒီအချိန်မှာ ချယ်လ်ဆီးက မန်စီးတီးကို ဝ-၃ နဲ့ ရှုံးနေတဲ့အချိန်လည်း ဖြစ်တာကြောင့် ပါ,ပါလိမ့်မယ်။
ဇောတွေက ကပ်နေတော့ လိုချင်သလို ကစားအားနဲ့ စိတ်အလျင်တွေက လှုပ်ရှားနေပြီး တည်သလို မဖြစ်တာ ကြောင့် စိုးရိမ်နေတဲ့အပိုင်းတွေလည်း ထည့်ပြောရမယ်နဲ့ တူတယ်။
ချယ်လ်ဆီး တိုက်စစ်သွားတဲ့ ဘောလုံးတွေ မန်စီးတီး ဂိုးရှေ့ကိုရောက်ပေမယ့် အဆုံးသတ်ပိုင်း လိုအပ်တာတွေ အပြင်ကွင်းလယ်ကနေပြီး ဘောလုံးကောင်းကောင်း ခင်းပေးနိုင်မယ့် လူစားမျိုးမရှိတာက လိုအပ်ချက်တစ်ခုလို မျိုး ရှိနေတယ်။
တောင်ပံတိုက်စစ်တွေက အသားသေနေသလို ကွင်းလယ်က လူတွေနဲ့ နားလည်မှုယူတဲ့အပိုင်းမှာပါ အသားကျမှုက လေ့ကျင့်ရေးကွင်းက ပုံစံတွေလောက် မဖြစ်လာတော့ အားလုံး လွဲချော်နေတော့တာပါပဲ။
ဒီလိုနဲ့တစ်ပွဲပြီး တစ်ပွဲပြီးသွားတယ်။
ရလဒ်တွေ ကမောက်ကမဖြစ်နေလို့ မဆုံးဘူး။

ပြီးတော့ ဈေးကောင်းပေးခေါ်ထားတဲ့သူတွေလည်း ခြေစွမ်းပိုင်းမှာ လက်ရှိထက် တိုးတက်လာတာမျိုး မရှိသေး သလို ဂိုးတွေရမှုကလည်း ချယ်လ်ဆီးမှာ ကျဆင်းနေတုန်းလို ဖြစ်နေတာကြောင့် ဖိအားက မလိုအပ်ပဲနဲ့ အနားကိုရောက်နေသလိုမျိုး ခံစားရတယ်။
တီမိုဗာနာဆိုရင်လည်း တောင်ပံတိုက်စစ်သမားဖြစ်လိုက်၊ ဗဟိုရောက် တိုက်စစ်သမားအဖြစ် ကစားလိုက်နဲ့ ဖြစ် နေသလို သူကျွမ်းကျင်ပါးနပ်တဲ့ဟန်တောင် ပျောက်ပျောက်သွားတာ ကြာနေပြီမဟုတ်ပါလား။
အခြားသူတွေလည်း ဒီအတိုင်းပဲလို့ မပြောချင်ပေမယ့် ပြောစရာဖြစ်ရသေးတယ်။
ပြီးတော့ တစ်ဖက်မှာလည်း ဘုတ်အဖွဲ့က လိုချင်တာ ယူနိုင်ဖို့ဆိုပြီး လိုအပ်သမျှကို လိုက်လျောထားသလို လူကောင်းတွေခေါ်ဖို့ဆိုပြီး ဈေးသုံးကိုလည်း ချယ်လ်ဆီးအတွက် တော်တော်လေး ပြင်ဆင်စရိတ်ထုတ်ပေးထားခဲ့တာ ဖြစ်နေတာကြောင့် လမ်းပတ်သာ ဒီအတိုင်းဆက်သွားရင် သတင်းတွေမှာ ဖော်ပြနေတဲ့အတိုင်း ထုတ်ပယ်ခံရမယ့် နည်းပြစာရင်းထဲမှာ ထိပ်ဆုံးက ရောက်နေသူဆိုတဲ့အတိုင်း ဈေးဦးပေါက်သွားမှာ စိုးရတယ်။
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမယ့်ကာလမှာ လမ်းပတ်အတွက်တော့ ရှေ့ပွဲတွေမှာ မှားလို့မရဘူး။

ကိုဗစ်ကာလဖြစ်နေတာက တစ်ကြောင်း၊ အသင်းမှာ လူသစ်တွေနဲ့ စုဖွဲ့မှုက မငြိမ်တာရယ်၊ ရှိနေနှင့်ပြီးသား ကစားသမားတွေ အသက်ထောက်လာကြသလို အားကိုးရပါတယ်ဆိုတဲ့ ကန်တေတောင် ပရီးမီးယားလိဂ်မှာ ဘောလုံးဖြတ်တောက်မှု အကောင်းဆုံးဆိုတဲ့ ဂုဏ်တောင် မမြင်ရတော့တာ ကြာပြီပေါ့။
လမ်းပတ်လက်ထက်မှာ ကန်တေရဲ့ထူးခြားမှု သိပ်မတွေ့ရဘူး။
သူဟာ ပုံစံပြောင်းခံလိုက်ရကတည်းက သူပိုင်ဆိုင်တဲ့ အကွက်မြင်၊ ဖြတ်တောက်နိုင်စွမ်းရှိတဲ့ အကောင်းဆုံးတွေ ကျဆင်းသွားတယ်။
တိုက်စစ်လိုက်ပါတဲ့ အကျင့်တစ်ခုတိုးလာတာ မဆိုးပေမယ့် ချယ်လ်ဆီးမှာ ကန်တေရဲ့ ၄-၃-၃ အနေအထားက ကွန်တီလက်ထက်ကလောက်တောင် အားမရတာ အမှန်ပါပဲ။
တိုက်စစ်နဲ့ ခံစစ်ပိုင်းကို လွန်းထိုးပြီး လိုက်ကစားနေရတဲ့ ကန်တေအတွက်တော့ လူငယ်တွေကြားထဲမှာ ဦးဆောင်ကောင်းသူဆိုပေမယ့် ပွဲဆက်တွေများပြီး ကြာတော့လည်း ပင်ပန်းကာ ကြံ့ခိုင်မှုတွေကျလာသလို ဒဏ်ရာတွေ များလာတယ်။
ပုံစံကောင်းတစ်ခု အောက်သွားချိန်မှာ ကန်တေက အဓိပတိကွင်းလယ်အဖျက်ဘုရင် မဟုတ်တော့ဘူး။
အရင်လို ပုံစံမျိုး မဟုတ်တော့အတွက် ကွင်းထဲမှာ သူ့ကို လွယ်လွယ်နဲ့ ဖြတ်ကျော်သွားကြတဲ့သူတွေတောင် ရှိလာ ကြပြီဆိုတော့ ချယ်လ်ဆီးမှာ ဒါကလည်း စဉ်းစားစရာလို ဖြစ်နေသေးတယ် မဟုတ်လား။
လမ်းပတ်က အနာဂတ်ကို တည်နေတယ်၊ သူထမ်းပိုးသယ်ဆောင်နေတဲ့ အခြေအနေနဲ့ ဖြစ်ပျက်နေတာတွေက လုံးဝမကိုက်တာ မဟုတ်ဘူး။
အံဝင်ဖို့ လိုနေသေးတယ်။ ရှိတဲ့သူတွေနဲ့ အဆင်မပြေတဲ့ နေရာတွေ မြင်နေရတယ်။
အထူးသဖြင့် ပရီးမီးယားလိဂ်အထာကို သဘောမပေါက်သေးတဲ့ လူသစ်တွေကြောင့် လမ်းပတ် လိုချင်တာ ထူ ထောင်မရဘဲ ဖြစ်နေတာလို့ မြင်တယ်။

လမ်းပတ်အတွက်တော့ ပရီးမီးယားလိဂ် ပြဿဒါးနေ့တွေ မြန်မြန်ရပ်တန့်သွားဖို့ လိုတယ်။
ပြင်ဆင်နေတာ မချောမွေ့သေးပေမယ့် သိပ်မကြာခင်မှာ ထိထိမိမိဖြစ်လာဖို့တော့ မျှော်မိတယ်။
သူ့အတွက် လိုအပ်နေတာ အချိန်တစ်ခုပါပဲ။
ချယ်လ်ဆီးအနေနဲ့ အဲ့ဒါကို စိတ်ရှည်နိုင်ပါ့မလား။
(တစ်ဖက်မှာတော့ အယ်လီဂရီ၊ နာဂယ်စ်မန်း၊ တူချယ်လ်နဲ့ ဘရန်ဒါရော်ဂျာတို့ဟာ ချယ်လ်ဆီးနည်းပြချုပ်နေရာ အတွက် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေလို စွင့်စွင့်ငွါးငွါး ပွင့်ဖူးနေသလို စီစီရီရီ ရှိနေကြတာမျိုး ဖြစ်နေတော့ လမ်းပတ်အတွက် သူ့အနာဂတ်ဟာ စဉ်းစားစရာ ….)
စိတ်မရှည်ရင်တော့ ထုံးစံအတိုင်း နောက်ခြေတစ်လှမ်း ပြန်ဆုတ်ပြီး အားလုံးကို တစ်ကနေ ပြန်စရဖို့ပဲ ရှိနေလိမ့် မယ်။