အမ်မရီလို အမှားမျိုး အာတီတာ ကျူးလွန်နေဟု ကီယွန် သုံးသပ်

အာဆင်နယ် ဂန္ထဝင် နောက်ခံလူ မာတင်ကီယွန်က လက်ရှိနည်းပြ အာတီတာသည် နည်းပြဟောင်း အူနိုင်းအမ်မရီ ကျူးလွန်ခဲ့သည့် အမှားမျိုး ထပ်မံလုပ် ဆောင်နေသည်ဟု ပြောသည်။

လန်ဒန်အခြေစိုက် အာဆင်နယ်သည် ယမန်နေ့ညက ကစားသောပွဲတွင် အိမ်ကွင်းမှာပင် လက်စတာကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယား အဆင့် ၁၀ နေရာသို့ ကျဆင်းသွားသည်။

အဆိုပါပွဲတွင် အာဆင်နယ်သည် အထင်ကြီး စွဲလန်းစရာ ခြေစွမ်းမျိုး ပြသနိုင်ခြင်း မရှိဘဲ လူစားဝင် တိုက်စစ်မှူး ဗာဒီ၏ နောက်ကျသွင်းဂိုးကြောင့် ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးနိမ့်ခဲ့သည်။

မြောက်လန်ဒန်ကလပ် အာဆင်နယ်သည် ပရီးမီးယားလိဂ် ၆ ပွဲကစားအပြီး ၃ ပွဲအထိ ရှုံးနိမ့်ထားသောကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်ရရန်ပင် ရုန်းကန်ရတော့မည်ဟု သုံးသပ်မှုများ ထွက်ပေါ်လျက်ရှိသည်။

၁၉၉၂ မှ ၂၀၀၄ အထိ အာဆင်နယ်တွင် ၁၂ နှစ်ကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ် ၃ ကြိမ်၊ အက်ဖ်အေဖလား ၃ ကြိမ်၊ ကွန်မြူနတီဒိုင်း ၃ ကြိမ်၊ ဥရောပ ရှုံးထွက်ဗိုလ်များဖလား ၁ ကြိမ် ရယူထားသော ကီယွန်က အာတီတာ အနေဖြင့် အသင်းအပေါ် ကိုင်တွယ်အုပ်ချုပ်မှု အပိုင်းတွင် အပြောင်းအလဲ ပြုလုပ်ရန် လိုအပ်နေသည်ဟု ထောက်ပြသည်။

အင်္ဂလန် အသင်းအတွက် ၅၄ ပွဲတွင် ၂ ဂိုးသွင်းခဲ့သော အသက် ၅၄ နှစ်အရွယ် ကီယွန်က “သူတို့(အာဆင်နယ်)က ကစားပုံ တစ်ခုကနေတစ်ခု ပြောင်းနေတယ်။ အမ်မရီတုန်းကလည်း ဒီလိုပဲ။ တူညီတဲ့ ပုံရိပ်တွေ၊ တူညီတဲ့ ရွေ့လျားမှုတွေ၊ တူညီတဲ့ ဆက်ဆံပုံတွေ ဒါတွေကိုပဲ ကျွန်တော် တွေ့နေရ တယ်။

ခင်ဗျားအနေနဲ့ ပြောင်းလဲမှုတွေ ဆက်လုပ်နေရင် စည်းချက်မှန်မှုကို ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ ဒီလိုမျိုး တွေ့နိုင်တာက အောင်မြင်တဲ့ အသင်းတစ်သင်းမှာပဲ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့တုန်းက ကွင်းလယ်ကိုသာ ဘောလုံးပေးလိုက်။

ဘောလုံးပေးပို့မှု ၃ ချက်လောက်ပဲ ထိပြီး ဗီအဲရာကနေ ဒင်းနစ်ဘားကမ့်၊ ဘားကမ့်ကနေ အွန်နရီဆီကို ရောက်သွားလိမ့်မယ်။ ဒါက အရမ်းကိုတည်ငြိမ်တဲ့ ရှေ့တန်းက ၃ ယောက်ပဲ။ လက်ရှိမှာတော့ အာဆင်နယ်မှာ ဒီလိုမျိုး မရနိုင်တော့ပါဘူး” ဟု ပြောသည်။

Ref:goal

Facebook Comments Box
Facebook Comment