အမ်ဘာပီ ရီးရဲလ်နှင့် စာချုပ်သင့်ဟု ပီရက်စ် တိုက်တွန်း

အာဆင်နယ်နှင့် ပြင်သစ် တောင်ပံကစားသမားဟောင်း ရောဘတ်ပီရက်စ်က ဥရောပ ထိပ်တန်းကလပ်များ၏ စိတ်ဝင်စားခြင်း ခံနေရသော ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပီကို ရီးရဲလ်မက်ဒရစ်နှင့် စာချုပ်သင့်ကြောင်း တိုက်တွန်းလိုက်သည်။

အသက် ၂၁ နှစ်အရွယ် အမ်ဘာပီသည် ပါရီအခြေစိုက် ကလပ်နှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်ထားပြီး ၎င်း၏ ကစားသမားဘဝ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် ထိပ်တန်းကလပ်တစ်ခုသို့ ပြောင်းရွှေ့လိုနေသည်။

၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ်အသင်းသားဖြစ်သူ အမ်ဘာပီသည် လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေပြီး နည်းပြဇီဒန်းက မိမိအပေါ် လွှမ်းမိုးနိုင်စွမ်းရှိကြောင်း ပြောကြားဖူးသည်။

ဇီဒန်းကလည်း ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ ၉၆ ဂိုးသွင်းထားသော အမ်ဘာပီကို ရီးရဲလ်ကစားသမား အစုအဖွဲ့ထဲသို့ ထည့်သွင်းချင်နေပြီး ၎င်း၏ အနေအထားကို အနီးကပ် စောင့်ကြည့်နေသည်။

ပီအက်စ်ဂျီသည် အမ်ဘာပီကို သက်တမ်းတိုးနိုင်ရန် ကြိုးစားနေသော်လည်း လာမည့် နွေရာသီအထိ သက်တမ်းမတိုးနိုင်ပါက လက်ရှိစာချုပ် ဖျက်သိမ်းကြေး ပေါင် သန်း ၄၀၀ က ပေါင် ၁၁၁ သန်းအထိ လျော့ကျသွားမည်ဟု ဒေးလီးမေးလ် သတင်းစာက ဖော်ပြဖူးသည်။

၂၀၂၁ နွေရာသီအထိ အမ်ဘာပီကို သက်တမ်းမတိုးနိုင်ပါက စာချုပ်ပြည့်လျှင် အလွတ်ပြောင်းခွင့် ပေးရတော့မည် ဖြစ်သလို ၂၀၂၁ ဆောင်းရာသီတွင်လည်း အသင်းပြောင်းခွင့်အတွက် အခြားကလပ်များနှင့် တရားဝင် ဆွေးနွေးခွင့် ပြုရတော့မည် ဖြစ်သည်။

၁၉၉၈ ကမ္ဘာ့ဖလား၊ ယူရို ၂၀၀၀ ချန်ပီယံ ပြင်သစ်အသင်းတွင် ပါဝင်ခဲ့သူ အသက် ၄၇ နှစ်အရွယ် ပီရက်စ် စပိန်အားကစား သတင်းစာ AS နှင့် တွေ့ဆုံရာတွင် “ပြင်သစ် တစ်ယောက်အနေနဲ့ ပီအက်စ်ဂျီအသင်းကို နှစ်သက်ပါတယ်။ နောက်ပြီး အမ်ဘာပီကို လည်း လီဂူး-၁ ပြိုင်ပွဲမှာပဲ ဆက်ရှိစေချင်တယ်။

ဒါပေမဲ့ ကစားသမားတစ်ယောက် အနေနဲ့ အမ်ဘာပီက သူ့ရဲ့တိုးတက်မှုကို ဆက်လက် တိုးတက်ချင်မှာပါပဲ။ သူ့အနေနဲ့ ရီးရဲလ်မက်ဒရစ်အတွက် စာချုပ်သင့်တယ်” ဟု ပြောသည်။

Ref:AS

Facebook Comments Box
Facebook Comment