အမ်ဘာပီကို နွေရာသီတွင် ပေါင် ၁၆၁ သန်းဖြင့် ခေါ်နိုင်မည်ဟု ရီးရဲလ် ယုံကြည်

လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်သည် လာမည့် နွေရာသီ အပြောင်းအရွှေ့တွင် ပီအက်စ်ဂျီတိုက်စစ်မှူး ကီလီယန်အမ်ဘာပီကို ပေါင် ၁၆၁ သန်း(ယူရို သန်း ၁၈၀)ဖြင့် ခေါ်ယူနိုင်မည်ဟု ယုံကြည်လျက်ရှိကြောင်း ဒေးလီးမေးလ် သတင်းစာက ဖော်ပြသည်။

အသက် ၂၁ နှစ်အရွယ် ပြင်သစ်လက်ရွေးစင် အမ်ဘာပီသည် ပီအက်စ်ဂျီနှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်ထားပြီး ပါရီအခြေစိုက် ကလပ်က ၎င်းအား ကာလရှည် သက်တမ်းတိုးနိုင်ရန် ကြိုးစားနေသည်။

၂၀၁၇ ခုနှစ်တွင် မိုနာကိုမှ ယူရို ၁၄၅ သန်းဖြင့် ပြောင်းရွှေ့လာသော အမ်ဘာပီသည် ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ ၁၃၂ ပွဲတွင် ၉၇ ဂိုး သွင်းယူထားပြီး ပြင်သစ်လီဂူး ချန်ပီယံ ၃ ကြိမ်အပါအဝင် ပြည်တွင်းဆုဖလား ၈ လုံးအထိ ရယူထားသည်။

ပီအက်စ်ဂျီ အားကစားဒါရိုက်တာ လီယိုနာဒိုက ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံ အမ်ဘာပီ အပါအဝင် ထိပ်သီး ကစားသမားအချို့ကို သက်တမ်းတိုးနိုင်ရန် ကြိုးစားနေသည်ဟု ပြောကြားထားပြီး ခက်ခက်ခဲခဲ ကြိုးစားရဖွယ် ရှိနေသည်။

ပီအက်စ်ဂျီသည် ယခုဘောလုံးရာသီ မကုန်မီ ၎င်းကို သက်တမ်းမတိုးနိုင်ပါက အလွတ်ပြောင်းရွှေ့ခွင့် ပြုရတော့မည်ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က ပေါင် ၁၆၁ သန်းဖြင့် ခေါ် ယူခွင့်ရနိုင်ရန် ကြိုးစားသွားမည် ဖြစ်သည်။

အမ်ဘာပီသည် ၎င်းလိုပင် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူဖူးသော ရီးရဲလ်နည်းပြ ဇီဒန်းအား လေးစားအားကျသူဖြစ်ပြီး ပြင်သစ်တွင်သာ လွှမ်းမိုးနိုင်ခြင်းအပေါ် အားမလိုအားမရ ဖြစ်နေသလို ဥရောပနှင့် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် မက်ဒရစ် အခြေစိုက်ကလပ်သို့ ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေသည်။

Ref:dailymail

Facebook Comments Box
Facebook Comment