အဘွားအိုတစ်ဦး၏လက်ကိုင်အိတ်ကို ခိုးယူပြေးသည့် သူခိုးကို ဖမ်းဆီးလိုက်သည့် လင်ဒီလော့ဖ်

မန်ယူနောက်ခံလူဗစ်တာလင်ဒီလော့ဖ်ဟာအဘွားအိုတစ်ဦး၏လက်ကိုင်အိတ်ကို လုကာထွက်ပြေးသည့် သူခိုးတစ်ဦးအား ဖမ်းဆီးပေးနိုင်မှုအတွက် ချီးကျူးခြင်းခံနေရသည်။

ဗဟိုနောက်ခံလူသည် နွေရာသီအားလပ်ရက်အဖြစ် ဇနီးသည် မာဂျာနှင့်အတူ ဆွီဒင်သို့ ပြန်ရောက်နေခြင်းဖြစ်သည်။ သူသည် တနင်္လာနေ့က သူခိုးတစ်ဦးကို ဖမ်းဆီးကာ အာဏာပိုင်များ ကူညီခဲ့သည့်အပြုအမူအတွက် သူရဲကောင်းတစ်ဦးသဖွယ်ချီးကျူးခြင်း ခံနေရခြင်းလည်းဖြစ်သည်။

သူခိုးသည် စက်ဘီးဖြင့် မောင်းကာ လှည့်လှည်ခိုးနေသူဖြစ်ပြီး လမ်းလျှောက်နေသည့် အသက် ၉၀ ကျော်အရွယ်အဘွားအိုတစ်ဦး၏အိတ်ကို ခြင်းတောင်းအတွင်းမှ လုယူ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

လင်ဒီလော့ဖ်သည် အဘွားအိုထံမှ အိတ်လုယူကာ ထွက်ပြေးသွားသည့် သူခိုးကို ငါးမိနစ်ဝန်းကျင်ခန့် လိုက်လံဖမ်းဆီးခဲ့တာဖြစ်ပြီး သူခိုးကို ရဲလက်သို့ အပ်နိုင်ခဲ့သည်။

မန်ယူအတွင်းလူတစ်ဦးက “သူ့လုပ်ရပ်တွေအတွက် အရမ်းဂုဏ်ယူပါတယ်။ ဒါပေမယ့် ဗစ်တာကတော့ သူ့နေရာမှာဆိုရင် အခြားသူတွေလည်း လုပ်ကြလိမ့်မယ်လို့ ထင်နေပါတယ်”ဟု ပြောကြားသွားသည်။

လင်ဒီလော့ဖ်က သူရဲကောင်းတစ်ဦးသဖွယ် ချီးကျူးခံနေရချိန်တွင် မန်ယူခံစစ်တွဲဖော် မက်ဂွိုင်းယားမှာ ဂရိနိုင်ငံ၊ မိုင်ကိုနို့စ်တွင် ဖြစ်ပွားခဲ့သည့် ခိုက်ရန်ပွဲအတွက် တရားရင်ဆိုင်နေရသည်။

မက်ဂွိုင်းယားသည် ညီမဖြစ်သူ ဒေစီ၏လက်ကို လူမိုက်အုပ်စုတစ်ခုက ဖျားယောင်းမှုမအောင်မြင်ပြီးနောက် ဓားဖြင့်လက်ကို ထိုးရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရန်ပွဲကို တားဆီးသည့် ရဲတပ်ဖွဲ့ဝင်သုံးဦးကိုလည်း ထိုးကြိတ်ခဲ့သည့်အပြင် လာဘ်ပေးရန် ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲခံထားရသည်။

သို့ရာတွင် မက်ဂွိုင်းယားသည် တရားရင်ဆိုင်စရာမလိုဘဲ ရှေ့နေများက ကြားနာမှုကို တက်ရောက် ဖြေရှင်းပေးသွားမည်ဖြစ်သည်။ မက်ဂွိုင်းယားသည် ယင်းဖြစ်ရပ်ကြောင့် အင်္ဂလန်အသင်းလူစာရင်းတွင် ပါဝင်ရန် မရေမရာဖြစ်နေရသည်။

Ref: Goal

Facebook Comments Box
Facebook Comment