အဘတင့်နဲ့ ရောက်တတ်ရာရာ

မောင်ဖိုးကွန့်

(ပြီးခဲ့တဲ့တစ်ပတ်က ‘လမ်းပတ်ကြောင့် ငတ်ခဲ့ရတဲ့မနက်ခင်း’ ဆိုတဲ့ အတွေးအမြင်ကို ကျွန်တော်အသုံးပြုနေကျ ‘အဘတင့်’ ဆိုတဲ့ ဇာတ်ကောင်ကိုအသုံးပြုပြီး ရေးခဲ့ပါတယ်။

ပြန်ပြီးဖတ်ကြည့်တော့ ပေါ့ပေါ့ပါးပါးနဲ့ ဖတ်လို့အဆင်ပြေတာ တွေ့ရလို့ ဒီတစ်ပတ်လည်း အဲဒီပုံစံမျိုးကိုပဲ ဆက်ရေးသွားပါဦးမယ်။

အိမ်တွင်းအောင်းနေရတဲ့ ကာလဖြစ်လို့ ပေါ့ပေါ့ပါးပါးလေးတွေက ဖတ်လို့ပိုအဆင်ပြေမယ်လို့လည်း ထင်ပါတယ်။

အမြဲတမ်း ရေးသွားမှာတော့ မဟုတ်ပါဘူး။ Feel လာသလောက်တော့ ရေးသွားမှာပါလို့ အရင်ဦးဆုံး ဖော်ပြပါရစေ)

ဒီနေ့မနက်တော့ အိပ်ယာက စောစောနိုးနေတာကြောင့် မနက်ပိုင်းထိုင်နေတတ်တဲ့ ရော်ဖြန်းဆိုင်ကို ထွက်လာခဲ့ဖြစ်ပါတယ်။

အဲ . . .စောစောဆိုတာ ကျွန်တော်တို့အတွက်စောတာကို ပြောတာပါ။ နာရီနဲ့ဆို (၉)နာရီခွဲလောက် ရှိနေပြီ။

ကျွန်တော်တို့က ဘောလုံးပွဲရှိတဲ့ညတွေဆို အိပ်ချိန်က မနက်(၄)နာရီလောက်ဖြစ်ဖြစ်သွားတော့ ပုံမှန်ဆိုရင် (၁၁- ၁၁ခွဲ)လောက်မှ နိုးလေ့ရှိတာကြောင့်ပါ။

ကျွန်တော် ဆိုင်ထဲကိုလှမ်းဝင်လိုက်ပြီး အဘတင့်ထိုင်နေကျခုံကိုကြည့်လိုက်တော့ ဖုန်းကို သည်းကြီးမည်းကြီး ပွတ်နေတဲ့ အဘတင့်ကို တွေ့လိုက်ရပါတယ်။

‘ဟိုက်ရှားဘား . . . ထူးထူးခြားခြား အဘတင့် တက်ဘလက်တစ်လုံးနဲ့ အလုပ်ရှုပ်နေပါလား’

အဘတင့်က ဖုန်းကို သိပ်ခုံခုံမင်မင် မရှိတဲ့လူပါ။ ဂိမ်းကစားဖို့ စိတ်မဝင်စားသလို Facebook သုံးဖို့လည်း အမြဲငြင်းတတ်သူဖြစ်ပါတယ်။

သူက ဘောလုံးသတင်းတွေကို စိတ်ဝင်စားပေမယ့် တခြားအာရုံနောက်စရာတွေက ပိုများလို့ဆိုပြီး Facebook ကို အဖက်မလုပ်သူ ဖြစ်ပါတယ်။

ဒါကြောင့် သူ့ဆီမှာ ဆက်သွယ်ရေးအတွက် ကီးပက်လေးတစ်လုံးရှိပြီး ဘောလုံးပွဲတွေကို အင်တာနက်ကကြည့်ဖို့ တက်ဘလက်လေးတစ်လုံးလည်းရှိပါတယ်။

ဒါပေမဲ့ ဘောလုံးပွဲကြည့်ရုံကလွဲပြီး သိပ်မသုံးလို့ အပြင်ကို ယူလာလေ့မရှိဘူး။

အဲဒီလိုလူမျိုးက တက်ဘလက်ကို အသည်းအသန်ပွတ်နေတာကြောင့် ကျွန်တော့်အတွက် အံ့သြစရာတစ်ခု ဖြစ်သွားခဲ့တာပါ။

ကျွန်တော့်အသံကြားတော့မှ သူ့အာရုံက လူဆီပြန်ရောက်ပုံရတယ် . . . မော့ကြည့်ပြီး . . .

‘ဟာ ကွန့်စကီး အတော်ပဲ . . . ကျုပ်က သိချင်တာတစ်ခုကို ရှာနေတာ . . . မောင်ရင်လာတော့ ရှာစရာမလိုတော့ဘူးပေါ့ . . .’

‘ဟ . .ဟ . . အသာလုပ်ပါ အဘရယ် . . .ဘာသိချင်တာလဲ။ ခက်ခက်ခဲခဲတွေဆို မသိဘူး . . . နောက်ပြီး . ပေါက်တီးပေါက်ရှာတွေဆို မဖြေတတ်ဘူး’

‘မောင်ရင်ကလည်း ဘာမှတောင်မမေးရသေးပဲ ငြင်းနေလိုက်တာ . . . ဟိုလူကြီးကျနေတာပဲ . . . ဘောလုံးသတင်းတစ်ပုဒ်မှာ ရေးထားတာကို ဇဝေဇဝါဖြစ်နေလို့ပါ . . .မောင်ရင်ပိုင်တဲ့အပိုင်းမိ ေ့မေးတာပါဗျာ. . . မောင်ရင့်လိုင်းမဟုတ်ရင် မေးလည်း ပေါက်တတ်ကရတွေပဲ ပြန်ဖြေမှာ သိပြီးသားပဲ’

‘အချင်းချင်းတွေ အဲဒီလောက် အထင်မကြီးနဲ့လေ . . .ဒါနဲ့နေပါဦး အဘက သတင်းကို တက်ဘလက်နဲ့ ဖတ်နေတာဆိုတော့ Facebook အကောင့်ဖွင့်လိုက်ပြီလား. . . .’

‘နိုး . . . နိုး . . . Facebook ဆိုတာ ကျိုးကြောင်းဆီလျော်တာ မဆီလျှော်တာ၊ အသက်ကြီးတာငယ်တာ၊ ဘာဆိုဘာမှမရွေးဘဲ အချင်းချင်း ဆဲနေတဲ့ရပ်ဝန်းကြီးပါဗျာ . . .ကျွန်တော်က အဲဒီလို လူတွေမရှိတဲ့ အင်စတာဂရမ် အကောင့်ဖွင့်ထားတာလေ . . .တောသားကင်းစင် အွန်လိုင်းတစ်ခွင်ပေါ့။

ကဲ . . . တွေ့ပြီဒီမှာကြည့်’ အဘတင့်ရဲ့ထုံးစံအတိုင်း သူ့စိတ်နဲ့မတွေ့တဲ့ဟာဆို ဘယ်ဟာကိုမှ အကောင်းမပြောတတ်၊ သူပြောတဲ့ တစ်ယူသန်အယူအဆကြီးကို ပြန်ချေပချင်ပေမယ့် သူ့တက်ဘလက်ကို အတင်းပြနေလို့ ဘာမှမပြောတော့ပဲ တက်ဘလက်ကို လှမ်းယူလိုက်တယ်။

သူပြတဲ့သတင်းက လမ်းပတ်ကိုထုတ်လို့ ချယ်ဆီးဖန်အဖွဲ့ဖြစ်တဲ့ ‘We are the Shed’ အဖွဲ့က အသင်းကိုဆန္ဒပြတဲ့ သတင်း၊ နည်းနည်းတော့ စိတ်ညစ်သွားတယ်။

မနေ့တုန်းက အဲဒီသတင်းကို Page တစ်ခုအတွက် ဘာသာပြန်ပေးရင်း ကျွန်တော်လည် းတိုင်ပတ်သွားလို့ပါ။

‘ဒီလိုအဘရာ လမ်းပတ်ကိုထုတ် . . .’

‘ဒီမှာမောင်ရင် ကျုပ်လည်း အင်္ဂလိပ်စာကို နည်းနည်းပါးပါးတတ်ပါတယ်။ အဲဒီသတင်းက ဘာကြောင်းလဲ ဘာဖြစ်လဲ . . . အကုန်လုံး ကျုပ်နားလည်တယ်။

သိချင်တာ သတင်းမဟုတ်ဘူး အဲဒီပုံမှာ ဆန္ဒပြတဲ့လူတွေက ကွင်းတံခါးမှာသွားချိတ်တဲ့စာ ‘Circus Continues’ ဆိုတာ ဘာကိုပြောတာလဲသိချင်လို့ . .

. .ဒါက ဘန်းစကားအနေနဲ့ သုံးထားတာလည်း သိတယ် အဲဒီဘန်းစကားက ဘာကိုဆိုလိုလဲဆိုတာ . . . ‘

‘ သြော် . . .ဒါလေးလား . . .ဒီလိုအဘရယ် . . .အဲဒါက စစ်ကြေညာတဲ့သဘော ‘ဒီပြဿနာ ဒီမှာတင်မပြီးဘူး၊ ဆက်ရှင်းရဦးမယ်’ လို့ ဆိုလိုတာ။

ဖန်အဖွဲ့က ဘုတ်အဖွဲ့ကို နည်းပြထုတ်လိုက်တဲ့ နောက်ဆက်တွဲတွေရှင်းပေးဖို့ ဝမ်နင်ပေးတဲ့သဘောပေါ့’

‘ကျုပ်လည်း အဲလိုတော့ ထင်မိပါတယ်။ ဒါပေမဲ့ Circus ဆိုတဲ့ စကားလုံးက Circle ဆိုတာကနေ လာတာမဟုတ်လား။

အဲဒီတော့ ချယ်ဆီးဘုတ်အဖွဲ့က နည်းပြဖြုတ်လိုက်ထုတ်လိုက် လုပ်နေတာကို သတိပေးတာလားလို့ သိချင်လို့ရှာကြည့်တာ၊ မောင်ရင်ရှင်းပြတော့ စိတ်ထဲ ရှင်းသွားတာပေါ့။ ကျုပ်ထင်တောင်မထားဘူး မောင်ရင် အဲဒီလောက်သိနေမယ်လို့ လေးစားပါတယ်’

‘ဟဲ . . ဟဲ အရမ်းလေးစားမနေနဲ့ အဲဒီသတင်း မနေ့ကဘာသာပြန်ရင်း အဘလိုပဲ တိုင်ပတ်နေတာ မိခင်ကိုသွားမေးထားတာနဲ့ တိုက်ဆိုင်လို့ ချက်ချင်းဖြေနိုင်တာ။

ဟီး ဟီး မသိခင် အဘကြိတ်ခိုက်သွားတယ် မဟုတ်လား’

‘သြော် . . .ဇာတ်လမ်းက ဒီလိုကိုး . . . ထင်တော့ထင်မိသား ဒီမောင်ရင် ဒီလောက် အဖြစ်မရှိပါဘူးလို့ . . . ဟားဟားဟား’

တစ်ယောက်နဲ့တစ်ယောက် ခင်တာကြာပြီမို့ အထင်ကြီးခံချင်တာတို့ ဘာတို့မရှိဘဲ ပွင့်ပွင့်လင်းလင်းပြောချရင်း အတူတူ ရယ်မိကြပါတယ်။

ရယ်လို့ပြီးသွားတော့ အဘတင့်က သူ့ရဲ့ဆေးပေါ့လိပ်ကို မီးညှိပြီး တစ်ဖွာဖွာလိုက်တယ်။

ပြီးတော့မှ ‘အဲဒီသတင်းလေးကို သဘောကျတယ်ဗျာ. . . သူတို့ဆီက Fan တွေရဲ့ခံယူချက် လုပ်ဆောင်ချက်တွေက သူတို့လုပ်မယ့် အချက်(၅)ချက်ကိုလည်း ရေးထားသေးတယ် သူတို့ Page မှာ . . .’

‘ဟုတ်တယ် အဘရေ ကျွန်တော်လည်း ရေးတုန်းက တော်တော်သဘောကျနေတာ သူတို့အဖွဲ့အစည်းရဲ့ရပ်တည်မှုကို လိုတဲ့အချိန် ချပြတဲ့အလုပ်နဲ့ သူတို့ကကြိုက်လို့ fan အဖြစ် တရားဝင်ကြေညာထားတဲ့အသင်းကို တစ်ဖက်တစ်လမ်းက အထောက်အကူပေးဖို့ လုပ်သလို တစ်ဖက်ကလည်း မကြိုက်တာတွေကို ရဲရဲဝံ့ဝံ့ ပေါ်တင်ပြောထားတာ။

အဲဒီအချက်တွေထဲမှာ ကိုဗစ် lockdown ပြီးလို့ ဆန္ဒပြခွင့်ရရင် ဘုတ်အဖွဲ့ဝင်တွေ ပြုတ်တဲ့အထိ ဆန္ဒပြသွားမယ်ဆိုတာလေး သဘောကျမိတယ်’

‘ကျုပ်တွေးမိတာက သူတို့ဆီက အသင်းဖန်တွေက ကိုယ့်အသင်းကို ကိုယ်တန်ဖိုးထားပြီး လုပ်နိုင်တာလုပ်ပေးတယ် တခြားအသင်းတွေကို ဝေဖန်တာ အပြစ်တင်တာ ရှိပေမယ့် ကိုယ့်အသင်းကို ထိခိုက်လာတဲ့အခါမျိုးမှ အဲဒါမျိုးလုပ်တာ ဘလိုင်းကြီးကိုယ့်အသင်းဖန်မဟုတ်ရင် ဆဲတာ ဆိုတာမျိုးလည်း ရှိတော့ရှိပါရဲ့ တော်တော်ရှားတယ်နော်။

နောက်ပြီး ကျုပ်ကြိုက်တဲ့တစ်ချက်က ရန်ပုံငွေတွေစုပြီး ရီဆီဂျိမ်းလုပ်နေတဲ့ Food Bank ကို လမ်းပတ်နာမည်နဲ့ လှူမယ်ဆိုတာလေး . . . တော်တော်မိုက်တယ်’

‘အင်း . . . အဘကို နောက်သတင်းတစ်ပုဒ်ပြမယ်။ ဒီမှာကြည့် . . .မန်ယူနိုက်တက်က ရှက်ဖီးကိုရှုံးသွားတဲ့ပွဲမှာ ခြေစွမ်းညံ့တဲ့ တွမ်ဇီဘီကို လူမျိုးရေးခွဲတဲ့ပို့စ်တွေနဲ့ ဆဲထားကြတာ . . .’

ကျွန်တော်ပြတဲ့သတင်းကို အဘယူကြည့်တုန်း ကျွန်တော်ပြောချင်တာကို ဆက်ပြီးပြောလိုက်တယ် ‘

သူတို့ဆီမှာလည်း အဘပြောသလို ဘာမဆိုင်ညာမဆိုင် လျှောက်ဆဲလျှောက်အပြစ်တင်နေတာတွေတော့ ရှိတာပါပဲ။

အဘက ကျွန်တော်တို့ ပတ်ဝန်းကျင်လောက်ကိုပဲ ကွက်မြင်ပြီး ဆိုရှယ်မီဒီယာကို စိတ်ပျက်နေတာ။

လူတွေချည်းပဲလေ အဘရယ် နေရာတိုင်းမှာ လူကောင်းလူဆိုး ဘာမဆို ရှိနေမှာပဲ။

မကောင်းတာတွေကို လိုက်ကြည့်ရင် စိတ်ညစ်ညူးမယ် အာရုံနောက်မယ်။ အဲဒီတော့ ကောင်းတာတွေကြည့်မယ် ဝေမျှမယ် ကူညီမယ်ဆိုရင် ဆိုရှယ်မီဒီယာဆိုတာ ကိုယ့်အတွက် အများကြီးအကျိုးရှိပါတယ်ဗျာ’

‘ဟား. . . ဟား . . .မောင်ရင်က ဂွင်ဝင်တဲ့အချိန်မှာ တရားဟောနေတာကိုး. . မောင်ရင်ပြောတဲ့ သဘောတရားတွေ သိပါတယ်။

ကျုပ် Facebook မသုံးဘူး ဆိုတာကလည်း ကျုပ်က ဘောလုံးကလွဲပြီး တခြားသိပ်မှ စိတ်မဝင်စားတာ။

ဘောလုံးသတင်းတွေကလည်း အင်စတာဂရမ်နဲ့ တွစ်တာမှာ ပိုစုံတာကိုး။ နောက်ပြီး ကျုပ်အိမ်မှာ အရွယ်ရောက်နေတဲ့ တူတွေတူမတွေရှိတော့ ပြည်တွင်းက သတင်းတွေလည်း သူတို့ပြောရင် ကြားနေရတာကြောင့်ပါ။

မောင်ရင်တို့ကို ပြောတာတွေကလည်း အချင်းချင်းစနောက်တာပါဗျ။

ကဲ. . . ကဲ ကျုပ် အိပ်ချိန်ရောက်တော့မယ်ဆိုတော့ လစ်တော့မယ်ဗျာ’

ပြောပြောဆိုဆိုနဲ့ လက်ဖက်ရည်ဖိုးရှင်းဖို့ ထသွားပါတယ်။ ကျွန်တော်လည်း စိတ်မကောင်းနည်းနည်းဖြစ်မိသွားတယ်။

သူက ကိုယ့်ထက် အသက်ရော အတွေ့အကြုံရော သာတဲ့လူပါ။

ကျွန်တော်ပြောလိုက်တာကို သူစိတ်ခုသွားတာ မဟုတ်ပေမယ့် ကျွန်တော်နည်းနည်း အားနာမိသွားတယ်။

ဒါကြောင့်သူ့ကို နည်းနည်းစိတ်ပျော်အောင်

‘ဟာ . . . အဘ . . . လစ်တော့မလို့လား။ ကျွန်တော်က အဘကြိုက်တဲ့ ယူနိုက်တက်က ထိပ်ဆုံးမှာနေပြီး အောက်ဆုံးကအသင်းကို ဘယ်လိုရှုံးလဲဆိုတာသုံးသပ်ခိုင်းမလို့ . . . ‘

ရော်ဖြန်းဆိုင်ထဲက ထွက်ဖို့လုပ်နေတဲ့ အဘတင့်က ကျွန်တော့်ဖက်ကို လှည့်ကြည့်ပြုံးပြရင်း

‘အခုမောင်ရင်တို့ Facebook မှာ ခေတ်စားနေတဲ့ စကားနဲ့ပြောရရင် မရှုံးဘူးလို့ မပြောနိုင်ဘူးပေါ့ . . . ဟား. . .ဟား . . ဟား’ လို့ပြောရင်း ထွက်သွားပါတော့တယ်။

Facebook Comments Box
Facebook Comment