အဖျားရှူးမသွားပါစေနဲ့ ချစ်သော မစ္စတာ ဂွါဒီယိုလာ

ပြောကြပြီလေ …

အဖွင့်မှာတင် မန်စီးတီးက အိမ်ကွင်း အီတီဟတ်မှာ ဂိုးပြတ်နဲ့ ရှုံးပါရောလား …

လက်စတာလို အသင်းကိုမှ ၂-၅ နဲ့ အရှုံးကြီးရှုံးလေတော့ ပရိသတ်တွေရဲ့ ဒေါသထွက် အထုအထောင်းခံရတာ မဆန်းပါဘူး။ ပြိုင်ဘက်အသင်း ပရိသတ်တွေရဲ့ ပြောဆိုလှောင်ပြောင်မှုတွေ ခံရတာကတော့ အဆိုးဆုံးပေါ့လေနော် ။

နာလိုခံခက်ကြီးနဲ့ နားထဲ ကန့်လန့်တိုက်ဝင်လာတဲ့ စကားလုံးတွေက ရင်နာစရာ …

ပရိသတ်တွေ အချင်းချင်း စကားလုံးများနဲ့ လေတိုက်တဲ့ဒဏ်က အဆိုးဆုံးပေါ့။ ဘယ်တတ်နိုင်မလဲ တူဖြစ်တုန်းက နှံခဲ့ပြီးပြီ။ ပေဖြစ်တော့လည်း ခံပေါ့။

တစ်ခုတော့ ရှိတာပေါ့လေ၊ အဲ့ဒါက ဘယ်အထိ ပေဖြစ်ခံပေးရမှာတုန်းတဲ့၊ ပရိသတ်တွေကတော့ မေးဖြစ်ပြောဖြစ်ကြပြီ။

မစ္စတာပက်ပ်ရဲ့ နို့ဗူးလေးတွေ ရှင်သန်ထမြောက်မယ့် အချိန်ဟာ ဒီရာသီမှာ ရွှင်လန်းတက်ကြွ ဝမ်းပပ သာနိုင်ပါရဲ့လား။

ဖလားသေးသေးလေးတွေအကြောင်း မပြောကြေးဆိုရင် ပြည်တွင်းဖြစ် ပရီးမီးယားအကြောင်း ပြောမယ်။ ဘယ့်နှယ်လဲ။

ဘေးက လက်မောင်းပြုတ်သွားကတည်းက တည်ဆောက်မှု ပရမ်းပတာနဲ့ ထင်တိုင်းကြဲမရတဲ့ ဘဝမှာ နို့ဗူးသခင် ဆရာပက်ပ်တစ်ယောက် ရေချည်း လှိမ့်သောက်နေတော့မလား။

မရသေးဘူး ဆြာ၊ အကြောင်းအရင်း ပြန်စစ်ဖို့အတွက် လက်စတာနဲ့ပွဲမှာ ၅ ဂိုးအထိပေးလိုက်ရတဲ့ ပြဿနာကို ရှင်းရလိမ့်မယ်။

ပင်နယ်တီဂိုးတွေ ဆိုတာလည်း လှိုင်လှိုင်ပေါတဲ့ အရာများလိုရယ်၊ မြင်မကောင်းခဲ့ပါဘူး။

တိုက်စစ်သွားတာ ကောင်းတယ်ဆိုပေမယ့် အရင်နှစ်တွေကလောက် မန်စီးတီး တန်ခိုး မထွားနိုင်တော့တာကို ဝန်ခံရမယ်။

ရောက်စမှာ အပေါက်ဝက ကြိုဖြစ်ခဲ့ကြတဲ့ ပရိသတ်တွေလည်း မစ္စတာပက်ပ်ကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး ပြောကုန်ဆိုကုန်ကြပြီ။

စပိန်အဝန်းအဝိုင်း ခံထားတဲ့ကာဗာတွေ မပျက်စီးသေးသမျှတော့ ဂွါဒီယိုလာအတွက် အင်္ဂလန်မီဒီယာတွေ ဘယ်လောက်ပဲ တိုက်ခိုက်တိုက်ခိုက် သူဌေးတွေနားထဲ ဒဲ့တွေ ပြန်ရောက်နိုင်တာကို ဘယ်အချိန်အထိ တားဆီးထားနိုင်မလဲ။

သတင်းဆိုတာမျိုးက ကိုဗစ်ထက်မြန်တဲ့ လက်နက်လေ။ အွန်လိုင်းတစ်ချက် တက်လိုက်တာနဲ့ အားလုံးက ဟပ်ချလောင်းဆိုတဲ့ မျက်လှည့်လိုလို တန်ခိုးလိုလို အရာထက် သွက်တဲ့အရာတွေ။

ဒီတော့ ရှိတ်တွေ မျက်မာန်တော် အရှမခံရချိန်အထိ မစ္စတာပက်ပ်ရဲ့ပြင်ဆင်ခွင့်ဟာ စောင့်ကြည့်ချင်စရာ ဖြစ်လာတယ်။

မကြာခင်မှာလည်း ပရီးမီးယားအပြောင်းအရွှေ့တစ်ခန်းရပ်တော့မယ်။ အောက်တိုဘာလ ၅ ရက်မှာ ဒါတွေကို ခဏပြန်ရပ်မယ်။

ဒီတော့ မန်စီးတီးအတွက် ဖြည့်တင်းမှုဟာ တစ်ရာသီဖြတ်သန်းဖို့ လောက်ငှပါပြီတဲ့လား။ အားလုံးကတော့ မရသေးဘူး ဂွါဒီယိုလာ ဆိုတာတွေချည်းပါပဲ။

ဟုတ်ပါတယ်။ အသံတွေ ထွက်နေတဲ့အတိုင်း အဲ့ဒီ မန်စီးတီးမှာ လိုအပ်နေတာတွေက တော်တော်ကို များနေတာပါ။

မနှစ်တုန်းတည်းက ကြိုတင်ပြင်ဆင်မှုတွေ လိုတယ်လို့ ပြောဖြစ်ခဲ့ကြပေမယ့် ခေါင်းမာတဲ့ ဆရာပက်ပ်ကြောင့် ထိရောက်ပြင်ဆင်မှုတွေက တစ်ခုမှ မသိသာခဲ့ပါဘူး။

ဆေးဗားလ်မရှိတော့ဘူး၊ အဂွဲရိုး အရွယ်ထောက်နေပြီ။ ဒါတွေ အခုအထိ ဒီရာသီမှာ ရိုက်ခတ်လာမယ့် မန်စီးတီးအရှိန်တင်တိုင်းထိမယ့် SLOW DOWN တွေလိုမျိုးလေ။

ခံစစ်မကောင်းပါဘူး ဆိုနေမှ ခံစစ်ပြင်ပေးထားတယ်တဲ့။ နသန်အကီနဲ့ အစားထိုးပစ်လိုက်တယ်။

အငယ်တွေ ပြန်စုပြီး ရှေ့ကို တက်လှမ်းမယ့်အကြံက မဆိုးလှပေမယ့် ရှိရင်းစွဲလူတွေနဲ့ မန်စီးတီးခံစစ်ကြီးက ပရိသတ်တွေအမြင်မှာ တင့်ကို မတင့်တယ်တာပါ။

အကီ တစ်ဂိုးပြန်သွင်းပြတယ်။ မဆိုးဘူးလို့တောင် အသံမထွက်နိုင်ခဲ့ဘူး။အဲ့ဒီအရှေ့မှာ ၁-၄ က ကြိုပြီးဖြစ်တည်နေပြီးသားဆိုတော့ ၈၄ မိနစ် ချေပဂိုးက အကီအတွက်သာ ဇာတာတက်ပြီး မန်စီးတီးအတွက်တော့ ထူးမခြားနား။

ရှုံးတာက ရှုံးတာပဲလေ။ ဘာမှကို မတတ်နိုင်ခဲ့တဲ့ ဇာတ်တော်အဖွင့်ကို အီတီဟတ်မှာ အိပ်ရေးပျက်ခံထိုင်ကြည့်ရင်း မထူးတဲ့အဆုံး ကိုဗစ်ခေါင်းထဲပြန်ရောက်ပြီး ဟိုတွေး၊ ဒီတွေးနဲ့ အိပ်ဖြစ်ခဲ့ကြတယ် မဟုတ်လား။

အတွဲမမိတဲ့ ဝေါ်လ်ကာ၊ ဂါစီယာ၊ အကီနဲ့ မန်ဒီတို့ လုပ်အားဟာ နားလည်တည်ဆောက်မှုအတွက် အချိန်လိုတယ်။ ပေးဆပ်မှုလိုတယ်။

ပေးဆပ်မှုဟာ ဂိုးမပေးရရေးအတွက် ချိတ်ဆက်အနာခံမှုအပိုင်းကို ပြောတာပါ။ သူများသွင်းတဲ့ဂိုးတွေ ပေးဖို့မဟုတ်ပါဘူး။

ပြီးတော့ တိုက်စစ်၊ ခေတ်တစ်ခုကို အခြေချဖို့ ပြင်ဆင်နေတဲ့အခိုက်အတန့်မှာ အနိမ့်အမြင့် အတက်အကျတွေ များမယ်ဆိုတာ သီဝရီပါ။

အဲ့ဒီမှာ အချိန်ပေးဆပ်မှုက ဘယ်လောက်အထိ တန့်ပြီး ကြာနေမှာတဲ့လဲ။

လက်စတာနဲ့ပွဲမှာ ခေါ်လာတဲ့ အစုဖွဲ့က အသစ်တွေနဲ့ အငယ်တွေချည်းပဲ။ အဲ့ဒီကြားထဲမှာ ဖာနန်ဒင်ညိုလို လူအိုကြီးနဲ့ စည်းကမ်းမဲ့ ဝေါ်လ်ကာတို့ကလည်း ပါလိုက်သေး။

ဆိုတော့ အစေးမကပ်၊ မလိုက်ဖက်တဲ့ အရာတွေက မာရက်ဇ်ရဲ့အလှဆုံးသွင်းဂိုးကိုတောင် ဘေးရောက်စေခဲ့တယ် မဟုတ်ပါလား။

ဒီအတိုင်း၊ ဒီအစုအဖွဲ့နဲ့ဆိုရင် လွယ်ဖြစ်မယ့်နေ့တွေ ခက်နေလိမ့်မယ်။ လူပြန်စုံဖို့ စောင့်ရမယ်၊ အသစ်တင်သွင်းမှုကို မျှော်ရမယ်။

မန်စီးတီးရဲ့ စံချိန်တော်တွေ ပြန်ဖြစ်လာဖို့အချိန်ဟာ ကြာနိုင်မယ့်သဘောရှိတယ်။ ဒီဘရိုင်း၊ စတာလင် ကြားမှာ လင့်ခ်တစ်ခု ထပ်ထောက်ဖို့ လိုပါလိမ့်မယ်။

ဆေးဗားလ်လို၊ ယာယာတိုရေးလိုမျိုး စွယ်စုံလက်နက်တွေ ထပ်ဖြည့်ရမယ့် မန်စီးတီးမှာ မြင်ရမလား။

ဆရာပက်ပ်ကတော့ ကလေးတစ်သိုက်နဲ့ ခရီးသစ်စဖို့ တာစူနေတာမျိုးဖြစ်နေတော့ ရှိတာနဲ့ တွန်းတင်မယ့်သဘောဟာ ပရိသတ်ကြားမှာ သဘောထားတော့ ကွဲလွဲချင်စရာအဖြာဖြာ ရှိနေပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် သည်းခံနိုင်မှုနဲ့ ဖြစ်ထွန်းချင်မှု ကြားထဲက လွန်ဆွဲပွဲမှာ ဘယ်သူအနိုင်ရမလဲဆိုတာ ဒီအပြောင်းအရွှေ့ကာလမှာ ရင်ခုန်စရာအဖြစ် ထပ်မျှော်ဖြစ်တယ်။

လူသစ်ခေါ်ဦးမလား၊ ဒီအတိုင်းထားပြီး ငယ်ရွယ်သူတွေကို မွမ်းမံအရောင်တင် စခန်းဖွင့်လှစ်မလားဆိုတာ ပြောရင်းနဲ့ အဖျားရှူး ကျမသွားစေဖို့ ဆုတောင်းပေးလိုက်ရပါတယ် ချစ်သော မစ္စတာဂွါဒီယိုလာ …

ထွန်းထွန်းဦး(လှိုင်) ရေးသားသည်။

Facebook Comments Box
Facebook Comment