အပြောင်းအရွှေ့အမှားများ လုပ်ခဲ့ဖူး၍ ဂရုတစိုက် လုပ်ဆောင်နေကြောင်း ယူနိုက်တက်နည်းပြဆိုးလ်ရှား ပြောကြား

ယခုနွေရာသီ အပြောင်းအရွှေ့တွင် ကစားသမား ဝယ်ယူအားဖြည့်မှု များစွာ မလုပ်မှုအပေါ် ယူနိုက်တက်ပရိသတ်များ အားမလို အားမရဖြစ်နေသည်ကို သိကြောင်း၊ သို့ရာတွင် ယခင်တုန်းက အပြောင်းအရွှေ့အမှားများ လုပ်ခဲ့ဖူး၍ အထူးဂရုတစိုက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ပြောကြားလိုက်သည်။

ယူနိုက်တက်သည် ဆာအဲလက်စ်ဖာဂူဆန် ခေတ်နောက်ပိုင်းတွင် ခေတ်တစ်ခေတ် ပြန်လည်စတင်ရန် ထိပ်တန်းကစားသမားများ ခေါ်ယူ အားဖြည့်မှု ပြုလုပ်ခဲ့သည်။ ယူနိုက်တက် ခေါ်ယူခဲ့သည့်သူများထဲတွင် ဆန်းချက်ဇ်၊ ဒီမာရီယာ၊ လူကာကူနှင့် အခြားထိပ်တန်းကစားသမားများ ပါဝင်ခဲ့ကြသော်လည်း အိုးထရက်ဖို့ဒ်တွင် အကောင်းဆုံးခြေစွမ်းဖြင့် မကစားနိုင်ခဲ့ကြချေ။

ထို့ကြောင့် ယူနိုက်တက်သည် ယခုနွေရာသီတွင် အပြောင်းအရွှေ့လုပ်ရာ၌ အထူးဂရုတစိုက် လုပ်ဆောင်နေပြီး ဗန်ဒီဘိခ်တစ်ဦးတည်းကိုသာ ခေါ်ယူထားနိုင်သည်။ ၎င်းတို့သည် ပီအက်စ်ဂျီမှ ထွက်ခွာလာပြီးနောက် ကလပ်လက်မဲ့ ဖြစ်နေသည့် တိုက်စစ်မှူးကာဗာနီကို ခေါ်ယူရန် နီးစပ်နေပြီ ဖြစ်သည်။

ဆိုးလ်ရှားက “ဒီကလပ်သို့ ပြောင်းလာပြီး အကြောင်းပြချက်အမျိုးမျိုးကြောင့် မအောင်မြင်ဘဲ ထွက်ခွာသွားခဲ့ကြတဲ့သူတွေကို နာမည်နဲ့တကွ မပြောချင်ပါဘူး။ အခု ကျွန်တော်တို့ အများကြီးတွေးတော စဉ်းစားပြီး လုပ်နေပါတယ်။ အထူးဂရုတစိုက် သုံးနေပါတယ်။ ကိုယ်ခေါ်ယူလိုက်တဲ့ ကစားသမားက ကလပ် အတွက် တကယ်တမ်း သင့်တော်တဲ့သူ ဖြစ်ဖို့ လေ့လာမှုတွေ ပြုလုပ်ရပါတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေကို ရွေးရတာ လွယ်ပါတယ်။ ကလပ်တွေက လည်း သူတို့နဲ့ပတ်သက်ပြီး သိထားပြီး ဖြစ်ပါတယ်။ ကစားသမားအားဖြည့်ရာမှာ ကိုယ်သုံးတဲ့ငွေက ကောင်းမွန်တဲ့ ရင်းနှီးမြှပ်နှံမှု ဖြစ်လာဖို့က အရမ်း အရေးကြီးပါတယ်။ အခြားကလပ်တွေမှာ အကောင်းဆုံးလုပ်ပြခဲ့တဲ့ ကစားသမား ကောင်းအချို့ကို ကျွန်တော်တို့ ဆုံးရှုံးခဲ့ရဖူးပါတယ်”ဟု ပြောကြားသွားသည်။

မန်ယူသည် ယနေ့ညတွင် စပါးစ်နှင့် ရင်ဆိုင်ကစားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment