အပြောင်းအရွှေ့မပိတ်မီ ကစားသမားသစ် မခေါ်ယူလျှင် ဆိုးလ်ရှားအတွက် ဟန်းနီးမွန်းကာလ ကုန်ဆုံးပြီဟု ရွိုင်းကိန်းသတိပေး

ရွိုင်းကိန်းက မန်ချက်စတာယူနိုက်တက်နည်းပြအိုလေဂန်းနားဆိုးလ်ရှားအနေဖြင့် ယခုရာသီတွင် ပရီးမီးယားလိဂ်ထိပ်သီးလေးသင်းစာရင်း မဝင်ပါက နည်းပြရာထူးကိုပါ ဆုံးရှုံးရလိမ့်မည်ဟု ပြောကြားလိုက်သည်။

ယူနိုက်တက်သည် ပြီးခဲ့သည့်အပတ်တုန်းက ဘရိုက်တန်ကို အငြင်းပွားဖွယ်ရာ ပင်နယ်တီဂိုးဖြင့် အနိုင်ရရှိကာ ယခုရာသီ ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲ ရယူနိုင်ခဲ့သည်။ ၎င်းတို့သည် ပရီးမီးယားလိဂ်အဖွင့်ပွဲဖြစ်သည့် ပဲလေ့စ်နှင့်ပွဲတွင် ၃-၁ ဖြင့် ရှုံးနိမ့်ထားသည်။

ယခုအချိန်မှာ ပရီးမီးယားလိဂ်ရာသီစတင်သည်မှာ နှစ်ပတ်သာ ရှိသေးသော်လည်း ယူနိုက်တက်၏ခြေစွမ်းမှာ အကောင်းဆုံးပုံစံတွင် မရှိရာ ဂန္ထဝင်အသင်းခေါင်းဆောင် ရွိုင်ကိန်းမှာ ဆိုးလ်ရှားအတွက် စိုးရိမ်ပူပန်နေပြီ ဖြစ်သည်။ ရွိုင်ကိန်းက အောက်တိုဘာလ ၅ ရက်နေ့တွင် ပြီးဆုံးမည့် အပြောင်းအရွှေ့ဈေးကွက်မတိုင်မီ ကစားသမားသစ် ခေါ်ယူမှု မပြုလုပ်လျှင် ခက်ခဲသည့် နေ့ရက်များနှင့် ရင်ဆိုင်လာရတော့မှာဖြစ်ကြောင်း သတိပေး ပြောကြားလာပြီ ဖြစ်သည်။

ထိပ်ဆုံးလေးသင်းစာရင်းမဝင်လျှင် ဆိုးလ်ရှား အထုတ်ခံရနိုင်သလားဟု မေးမြန်းမှုအား ရွိုင်ကိန်းက “ထင်ပါတယ်။ တကယ်လို့ ခင်ဗျားသာ ယူနိုက်တက် မန်နေဂျာဆိုရင် လာမယ့်အပတ်မှာ ရင်းနှီးမြှပ်နှံဖို့ လိုနေပါပြီ။ လာမယ့်အပတ်မှာ ရင်းနှီးမြှပ်နှံမှု မလုပ်ဘူးဆိုရင်တော့ ယူနိုက်တက်အတွက် ခက်ခဲတဲ့နေ့ရက်တွေ စောင့်ဆိုင်းနေမှာ သေချာပါတယ်”ဟု ပြောကြားသွားခဲ့သည်။

ယူနိုက်တက်သည် ယခု နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် အေဂျက်စ်မှ ဗန်ဒီဘိခ် တစ်ဦးတည်းကိုသာ ပေါင်သန်း ၄၀ ဖြင့် ခေါ်ယူထားပြီး ဖြစ်သည်။ ၎င်းတို့သည် ဒေါ့မွန်မှ အင်္ဂလန်လက်ရွေးစင်တိုက်စစ်သမားဆန်ချိုအား ခေါ်ယူရေး ကြိုးပမ်းနေခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ယခုတိုင် အောင်မြင်ခြင်း မရှိသေးချေ။

ဆက်လက်၍ ရွိုင်ကိန်းက ယခုရာသီမှာ ယူနိုက်တက်အတွက် လီဗာပူး၊ မန်စီးတီးတို့နှင့် နီးကပ်သည့် အနေအထားသို့ ရောက်ရမည့် ကာလသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားသွားသည်။

ရွိုင်ကိန်းက “အိုလီအတွက် ဒီနှစ်က ကွဲပြားတဲ့နှစ်ပါ။ ပြီးခဲ့တဲ့နှစ်အတွက်တော့ ထိပ်ဆုံးလေးသင်းပေါ့။ ဒီနှစ်မှာ ပိုပြီးတော့ မြင့်မြင့် ရည်မှန်းလာမှာပါ။ သူတို့အနေနဲ့ လီဗာပူး၊ မန်စီးတီးတို့နဲ့ နီးကပ်လာဖို့ လိုပါတယ်။ ပြီးတော့ အိုလီအနေနဲ့ ဒီနှစ်မှာ ဆုဖလားတစ်လုံး ရဖို့ လိုပါလိမ့်မယ်။ မဟုတ်ရင်တော့ အိုလီအတွက် ဟန်းနီးမွန်းကာလ ကုန်ဆုံးလာဖို့ သေချာနေပါတယ်။ အခုဆိုရင် ဖိအားက စရောက်လာပါပြီ။ အထူးသဖြင့် ပြီးခဲ့တဲ့ရက်သတ္တပတ်တွေက ခြေစွမ်းကြောင့် ဆိုရင်လည်း မမှားပါဘူး”ဟု ပြောကြားခဲ့သည်။

ယူနိုက်တက်သည် ဗုဒ္ဓဟူးနေ့တွင် ကာရာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် ဘရိုက်တန်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ၎င်းတို့သည် လာမည့် တနင်္ဂနွေနေ့တွင် စပါးစ်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment