အပျော်များ ကြာကြာမခံ

ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုသည် ပြင်သစ်လီဂူးချန်ပီယံဆုအား ရယူအပြီး ၂၄ နာရီမပြည့်မီမှာပင် ထုတ်ပယ်ခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။

ပါရီကလပ်သည် စနေနေ့က လန်းစ်ကို အိမ်ကွင်းတွင် တဂိုးစီသရေသာကစားနိုင်သော်လည်း ပြင်သစ်လီဂူး ချန်ပီယံဆုအား ဆွတ်ခူးနိုင်ခဲ့သည်။

ပီအက်စ်ဂျီသည် ပြင်သစ်လီဂူးချန်ပီယံဆုကို စံချိန်တင် ၁၀ ကြိမ်မြောက်အဖြစ် ရယူနိုင်သော်လည်း ပရိသတ်များက ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှ ထွက်ခဲ့ရခြင်းအပေါ် မကျေနပ်၍ ကွင်းတွင်းကွင်းပြင် ဆန္ဒပြခဲ့သည်။

ယခုနှစ် လီဂူးချန်ပီယံဆုသည် အသက် ၅၀ အရွယ် ပိုချက်တီနို၏ နည်းပြဘဝတလျှောက် ပထမဆုံးရယူနိုင်သည့် အမှတ်ပေးဖလားဖြစ်သော်လည်း ပရိသတ်များက ၎င်းတို့၏ကပ္ပတိန်ဟောင်းကို ထုတ်ပယ်ရန်သာ တောင်းဆိုနေကြသည်။

ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီးကတည်းက ပိုချက်တီနိုသည် ယခုနွေရာသီတွင် ပီအက်စ်ဂျီနည်းပြတာဝန်မှ ထုတ်ပယ်ခံရမည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး မန်ယူနိုက်တက်ကို ကိုင်တွယ်ဖွယ်ရှိခဲ့သည်။

သို့သော် မန်ချက်စတာကလပ်က ၎င်းအစား အေဂျက်စ်နည်းပြ အဲရစ်တန်ဟက်ကိုသာ ခန့်အပ်ခဲ့ပြီး ယခုအခါ ပီအက်စ်ဂျီတာဝန်ရှိသူများသည် စာချုပ်သက်တမ်းတနှစ်ကျန်နေသေးသည့် ပိုချက်တီနိုနှင့် ၎င်း၏နည်းပြအဖွဲ့ကို လျော်ကြေးပေါင် ၁၂.၆ သန်းပေး၍ ထုတ်ပယ်ရန်ပြင်ဆင်နေသည်။

ပီအက်စ်ဂျီသည် ပိုချက်တီနိုကို ထုတ်ပယ်ပြီးပါက စပါးနည်းပြ အန်တိုနီယိုကွန်တီကို ၂ နှစ်စာချုပ်ဖြင့်ခန့်အပ်ရန် စီစဉ်နေသည်ဟု ပါရီအခြေစိုက် Le Parisien သတင်းစာက ဖော်ပြသည်။

Ref:Le Parisien

Facebook Comments Box
Facebook Comment