
အန်ဖီးလ်ကိုတဲ့ လွမ်းအောင်ဖန်
“ပွဲကိုပဲ အာရုံအပြည့်
စိုက်သွားမှာပါ။
ဒါပေမဲ့ ပွဲပြီးသွားတဲ့အခါ
ကျွန်တော် ငိုမိလိမ့်မယ်”
ဗီလာနဲ့ မကစားမီ
နာရီပိုင်းအလိုမှာ လီဗာပူးလ်
တိုက်စစ်မှူး ဖာမီနိုရဲ့
နှုတ်ထွက်စကားတွေပေါ့။
ကစားသမားတယောက်ဟာ
အသင်းအတွက် ဘယ်လောက်ပဲ
အကျိုးပြုခဲ့ပြုခဲ့…
တချိန်မှာတော့ လိုသုံးအဖြစ်ကို
ရောက်လာတတ်စမြဲပါ။
ဒါက ဘောလုံးလောကမှာတော့
ဖြစ်ရိုးဖြစ်စဉ်ပါပဲ။
ကိုယ့်ရဲ့နေရာကို ငယ်ရွယ်သူတွေ
ရောက်လာတဲ့အခါ နေရာ
ပျောက်သွားတတ်တာမျိုးပေါ့။
ဘရာဇီးလ်သား ကြုံနေရတာကလည်း
ဒီလိုပါပဲ။ နူးညက်ဇ်၊ ဂတ်ပိုတို့
ရောက်လာတဲ့အခါ ဖာမီနိုအတွက်
မလွယ်တော့ဘူးဆိုတာ အားလုံး
လက်ခံထားပြီးသားပါ။ ဒီကြားထဲ
ဒဏ်ရာလေးကလည်း သူ့ချည်းသာလော
ဆိုတဲ့ စကားကိုဆိုပြီး
ဝင်ရောက်လာတော့ ထွက်တော်မူ
နန်းကခွာကိန်း ဆိုက်ရောက်လာတာပေါ့။
ဒါကြောင့် ရာသီအကုန်မှာ
လီဗာပူးလ်ကို စွန့်ခွာတော့မယ်လို့
တရားဝင် ကြေညာတယ်။
၈ နှစ်ကြာကျင်လည်လာခဲ့တဲ့
နေရာတခုကို ကျောခိုင်းဖို့ဆိုတာ
တကယ်တော့ မလွယ်ပါဘူး။
ဒါပေမဲ့လည်း အားကစားသမားဆိုတာ
ဒါမျိုးကို တချိန်မဟုတ်တချိန်
ကြုံကြရတာပဲ။
ဆာလက်၊ ဖာမီနို၊ မာနေးဆိုတာ
ကမ္ဘာ့အကောင်းဆုံး တိုက်စစ်အတွဲတွေ
ထဲက တတွဲဆိုတာ အားလုံးအသိပါ။
ဘန်ဇီးမား၊ ဘေးလ်၊ စီရော်နယ်ဒို၊ (BBC)
အတွဲ၊ မက်ဆီ၊ ဆွာရက်ဇ်၊ နေမာ(MSN)
အတွဲကို ယှဉ်ဖိုက်နိုင်ခဲ့တာပေါ့လေ။
သူတို့ ၃ ယောက်ပေါင်း အတူ
သွင်းခဲ့တဲ့ဂိုးက ၃၃၈ ဂိုးအထိရှိတယ်။
ဒါပေမဲ့ ဒါတွေက ယမန်နှစ်ရာသီအကုန်
ဆီနီဂေါသား ထွက်သွားပြီးချိန်ကစလို့
ရပ်တန့်သွားခဲ့ရတယ်။ အားလုံးကလည်း
သူတို့ ၃ ယောက်ကို အတွဲလိုက်
မမြင်ရတော့ဘူးဆိုတော့
စိတ်မကောင်းလည်း ဖြစ်ကြတာပေါ့။
မာနေး ထွက်သွားပြီးနောက်
လီဗာပူးလ်တိုက်စစ်လည်း အရင်လောက်
ရင်ခုန်စရာ မကောင်းတော့ဘူး။
ဗီလာနဲ့ပွဲမှာဆိုရင်လည်း ဖာမီနိုက
ထုံးစံအတိုင်း အရန်ခုံပေါ်မှာ။
ဆာလက်၊ ဂတ်ပို၊ ဒီယက်ဇ်တို့
ကစားတာကို အားမလို အားမရနဲ့
ကြည့်နေရတဲ့ ဘဝ။ ၇၂ မိနစ်မှာ
ဒီယက်ဇ်အစား လူစားဝင်ခွင့်
ရတယ်။ တမိနစ်ပဲ ကစားရပါစေ
အသင်းအတွက် အကောင်းဆုံး
ပံ့ပိုးပေးမယ်လို့ ဆုံးဖြတ်ထားပြီးသား။
၈၉ မိနစ်မှာ ဆာလက်ရဲ့
ဖန်တီးပေးမှုကနေ ချေပဂိုး
သွင်းခဲ့တော့ ပျော်ပေမယ့်
နောက်တဂိုးထပ်ရဖို့ ကျားကုတ်ကျားခဲ
ကြိုးစားနေတဲ့ ဖာမီနိုကိုကြည့်ရတာ
ရင်ထဲ မကောင်းဘူး။ အန်ဖီးလ်မှာ
နောက်ဆုံးကစားရတဲ့ပွဲမှာ
ဂိုးသွင်းနိုင်ပေမယ့်လည်း အနိုင်ဂိုး
မရတော့ လီဗာပူးလ်ရဲ့ ချန်ပီယံလိဂ်
မျှော်လင့်ချက်က ရေစုန်မျောခဲ့ရပြီ။
၂၀၁၇ မှာ လီဗာပူးလ်အတွက်
ဆာလက် သွင်းယူတဲ့
ပရီးမီးယားလိဂ် အဖွင့်ဂိုးကို
ဖန်တီးပေးခဲ့သူက ဖာမီနိုပါ။
အခုတော့ ဖာမီနိုရဲ့
အန်ဖီးလ်ကွင်း နောက်ဆုံးသွင်းဂိုးကို
ဖန်တီးပေးခဲ့သူက ဆာလက်။
၆ နှစ်ကြာ အတွဲညီခဲ့ကြတဲ့ သူတို့ရဲ့
ရေစက်က ဒီမှာ ကန့်လန့်ကာ ချခဲ့ပြီ။
စိတ်မကောင်းစရာတခုကတော့
နောက်ဆုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်
ရယူပေးနိုင်ခြင်း မရှိတာပဲ။
ဘယ်လိုပဲဖြစ်ပါစေ။
ဖာမီနိုဆိုတာ လီဗာပူးလ်ပရိသတ်တွေ
အတွက်တော့ You’ll Never Walk Alone
ဖြစ်နေမှာတော့ သေချာပါတယ်။