အန်ဆလော့တီ၊ ရိုဒရီဂွက်ဇ်တို့နှင့် ပြန်ပူးပေါင်းရန် အစ္စကို အလိုရှိ

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အစ္စကိုသည် နည်းပြဇီဒန်းနှင့် အဆင်မပြေသောကြောင့် ပရီးမီးယားလိဂ်ကလပ် အဲဗာတန်တွင် ရှိနေသော အန်ဆလော့တီ၊ ဟာမီးစ်ရိုဒရီဂွက်ဇ်တို့နှင့် ပြန်လည်ဆုံစည်းခွင့်ရရန် ဆန္ဒရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြသည်။

အသက် ၂၈ နှစ်အရွယ် စပိန်လက်ရွေးစင် အစ္စကိုသည် ဇီဒန်းနှင့် ဆက်ဆံရေး အဆင်မပြေဖြစ်ကာ မက်ဒရစ် အခြေစိုက်ကလပ်၏ အနာဂတ် အစီအမံများထဲ ပါဝင်ဖွယ်မရှိသောကြောင့် အသင်းပြောင်းရွှေ့လိုနေသည်။

ရီးရဲလ်သည် ၎င်းကို လာမည့်ဇန်နဝါရီတွင် အဌားချထားရန် စီစဉ်နေပြီး အဌားစာချုပ် ပြည့်ပါက အပြီးသတ်ရောင်းချနိုင်မည်ဟု မျှော်လင့်ထားသည်။

မက်ဒရစ် အခြေစိုက် ကလပ်နှင့်အတူ လာလီဂါ ၂ ကြိမ်၊ ချန်ပီယံလိဂ် ၄ ကြိမ် ရယူထားသော အစ္စကိုသည် တစ်နှစ်လစာ ပေါင် ၁၈ သန်းဝန်းကျင် ရရှိနေပြီး ရီးရဲလ်က ၎င်း၏လစာကို လျှော့ချနိုင်ရေးအတွက် အဌားချထားရန် စီစဉ်နေသည်။

လက်ရှိတွင် ရီးရဲလ်သည် အစ္စကို၏ ကိုယ်စားလှယ်များနှင့် ဆွေးနွေးလျက်ရှိပြီး အင်္ဂလန်၊ အီတလီတို့မှ ဖြစ်နိုင်ဖွယ် ကမ်းလှမ်းမှုများအား စောင့်မျှော် နေသည်။

အစ္စကိုသည် ၎င်းနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် နည်းပြ အန်ဆလော့တီ၊ ရိုဒရီဂွက်ဇ်တို့ရှိရာ အဲဗာတန်သို့ ပြောင်းရွှေ့လိုနေပြီး ရိုဒရီဂွက်ဇ်ကလည်း အစ္စကို မာဆေးဆိုက် အခြေစိုက်ကလပ်သို့ ပြောင်းရွှေ့ဖြစ်ပါက ကြိုဆိုသွားမည်ဟု ဖွင့်ဟသည်။

ဗလန်စီယာနှင့် မာလာဂါ ကစားသမားဟောင်း အစ္စကိုအား အာဆင်နယ်၊ ဂျူဗင်တပ်စ်၊ ဆီဗီလာတို့ကလည်း စိတ်ဝင်စားနေသည်။

Ref:Marca

Facebook Comments Box
Facebook Comment