အနာဂတ်အား သားဖြစ်သူကသာ ရွေးချယ်မည်ဟု သူရမ် ဖွင့်ဟ

ကမ္ဘာ့ချန်ပီယံဟောင်း တစ်ဦးဖြစ်သူ ပြင်သစ်နောက်ခံလူဟောင်း လီလီယန်သူရမ်က ထိပ်သီးကလပ်များက စိတ်ဝင်စားနေသော ၎င်း၏သား မားကပ်စ်သူရမ်၏ အနာဂတ်နှင့် ပတ်သက်၍ ခြယ်လှယ်မည်မဟုတ်ဘဲ သူကိုယ်တိုင်သာ ရွေးချယ်လိမ့်မည်ဟု ပြောသည်။

မိုနာကို၊ ပါးမား၊ ဂျူဗင်တပ်စ်၊ ဘာစီလိုနာတို့တွင် ကစားဖူးသော အသက် ၄၈ နှစ်အရွယ် သူရမ်တွင် မားကပ်စ်နှင့် ခီဖရန်ဆိုသော သားနှစ်ဦးရှိပြီး နှစ်ဦးစလုံးက ပရော်ဖက် ရှင်နယ် ကစားသမားများဖြစ်သည်။

သားကြီး သြရသဖြစ်သည့် မားကပ်စ်သည် ဘွန်ဒက်စ်လီဂါကလပ် မိုချင်ဂလက်ဘတ် တွင် ခြေစွမ်းပြကစားလျက်ရှိပြီး ရီးရဲလ်မက်ဒရစ်နှင့် ၂ ဂိုးစီ သရေကျသော ချန်ပီယံလိဂ်ပွဲ၌ မက်ဒရစ်အခြေစိုက် ကလပ်ဘက်သို့ ၂ ဂိုးစလုံး သွင်းယူနိုင်ခဲ့သည်။

တောင်ပံတွင်သာမက တိုက်စစ်မှူးအဖြစ်ပါ ကစားနိုင်သော မားကပ်စ်သည် ၂၀၁၉ ခု နှစ်၊ ဇူလိုင်လအတွင်း ဂူအင်ဂမ့်မှ ယူရို ၁၂ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး ဒေါ့မွန်သို့ ပြောင်းရွှေ့သွားသော သော်ဂန်ဟာဇက်၏ ကျောနံပါတ် ၁၀ ကို ဆက်ခံခွင့်ရထားသည်။

အသက် ၂၃ နှစ်အရွယ် ၎င်းသည် ၂ ရာသီအတွင်း မိုချင်ဂလက်ဘတ်အတွက် ပြိုင်ပွဲစုံ ၄၇ ပွဲတွင် ၁၇ ဂိုးသွင်း ထားပြီး အေစီမီလန်၊ အာဆင်နယ်၊ မန်ချက်စတာ ယူနိုက်တက်၊ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ် စသည့် ဥရောပ ထိပ်သီးကလပ်များက စိတ်ဝင်စားလျက်ရှိသည်။

သားဖြစ်သူ၏ အနာဂတ်၊ အီတလီ ဘောလုံးလောက အနေအထားများနှင့် ပတ်သက်၍ ၁၉၉၈ ကမ္ဘာ့ဖလား၊ ယူရို ၂၀၀၀ ချန်ပီယံ သူရမ်က “သူ့ရဲ့အနာဂတ်ကို သူကိုယ်တိုင် ရွေးချယ်ဖို့လိုအပ်တယ်။ အီတလီ ဘောလုံး အဆင့်အတန်းက အရင်ကနဲ့ မတူတော့ဘူး။ အီတလီမှာ အကောင်းဆုံး ကစားသမားတွေ ကစားခဲ့ဖူးတယ်။ အခုတော့ အင်္ဂလိပ်တွေရဲ့ဘောလုံးအဆင့်အတန်းက အီတလီကို ကျော်သွားပြီ။

အီဘရာဟီမိုဗစ် ထူးခြားတာတွေ လုပ်နေတာတွေက သူက လူငယ်လေးတစ်ယောက်လို ထူးခြားတဲ့ ကစားသမား ဖြစ်နေလို့ပါပဲ။ အီတလီ ဘောလုံးလောကအတွက် အခက်အခဲဖြစ်နေတာက လူမျိုးရေးခွဲခြားမှုပါပဲ” ဟု ပြောသည်။

Ref:La Stampa

Facebook Comments Box
Facebook Comment