အနာဂတ်အတွက် အမ်ဘာပီ ဆုံးဖြတ်ပြီးဖြစ်သည်ဟု ရာမီ ဖွင့်ဟ

၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ်အသင်းတွင် ပါဝင်ခဲ့သော နောက်ခံလူ အဒီလ်ရာမီက ပီအက်စ်ဂျီ တိုက်စစ်မှူး ကီလီယန်အမ်ဘာပီသည် ၎င်း၏ အနာဂတ်အား အသေအချာ ရွေးချယ်ထားပြီးဖြစ်ကြောင်း ပြောကြားလိုက်သည်။

အမ်ဘာပီနှင့် ရာမီတို့သည် ရင်းနှီးသော မိတ်ဆွေများဖြစ်ပြီး လက်ရှိအချိန် တွင် အမ်ဘာပီ၏ ပီအက်စ်ဂျီ အချိန်ကာလများက လက်ချိုးရေတွက်၍ ရတော့မည်ဟု ၃၄ နှစ်အရွယ် ရာမီက ဖွင့်ဟကာ ၎င်း ဆိုလိုချင်သည်က အမ်ဘာပီအနေဖြင့် ပါရီအခြေစိုက် ကလပ်မှ ထွက်ခွာတော့မည်ဟု ပြောလိုရင်းဖြစ်သည်။

အသက် ၂၁ နှစ်အရွယ် အမ်ဘာပီနှင့် ပီအက်စ်ဂျီတို့ ချုပ်ဆိုထားသော စာချုပ်သည် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အပြီးတွင် ကုန်ဆုံးမည်ဖြစ်ပြီး ပီအက်စ်ဂျီ တာဝန်ရှိသူများက သက်တမ်းတိုးနိုင်ရန် ကြိုးစားနေသည်။

သို့သော်လည်း ကာယကံရှင်ကိုယ်တိုင်က ပီအက်စ်ဂျီမှ ထွက်ခွာလိုနေပြီး ၎င်း လေးစားရသည့် ဇီဒန်းရှိရာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်ဟု ရာမီက ဆိုသည်။

၂၀၁၇ တွင် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၁၄၅ သန်းဖြင့် မိုနာကိုမှ ရောက်ရှိလာသော အမ်ဘာပီသည် လက်ရှိအချိန်အထိ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ ၁၃၀ ပွဲတွင် ၉၆ ဂိုးသွင်းယူထားပြီး ဥရောပအောင်မြင်မှုနှင့် ကစားသမားဘဝ နောက်တစ်ဆင့်သို့ တက်လှမ်းလို၍ အသင်းပြောင်းရွှေ့ရန် စိတ်ပိုင်းဖြတ်ထားသည်။

ပေါ်တူဂီကလပ် ဘိုအာဗစ္စတာတွင် ကစားနေသူ ရာမီက “ကျွန်တော့်အထင် တော့ အားလုံးပြီးသွားပါပြီ။ အထူးသဖြင့် ဆွေးနွေးမှုတွေက ရှေ့မရောက်လို့ပဲ ဖြစ်ပါတယ်။

အမ်ဘာပီက ဒီအကြောင်းတွေကို စိတ်အနှောင့်အယှက် ဖြစ်စေလို့ မပြောချင်ဘူးလို့ ပြောပါတယ်။ ဒါက သူ့အတွက် အဆင်မပြေပါဘူး။ အမ်ဘာပီက သူ့ရဲ့အနာဂတ်ကို အသေးစိတ် စီစဉ်ပြီးပါပြီ။

အဲဒါက ပါရီသားတွေအတွက် စိတ်မကောင်းစရာ ဖြစ်သလို ပြင်သစ်လီဂူး ပြိုင်ပွဲအတွက်လည်း ဝမ်းနည်းစရာပါပဲ။ ကျွန်တော် သူ့ကို ချစ်ပါတယ်” ဟု ပြောသည်။

Ref:L’Equipe

Facebook Comments Box
Facebook Comment