အနာဂတ်ကို မတွေးသေးဘဲ ချန်ပီယံလိဂ်ဖလားဆွတ်ခူးရေးသာ အပြည့်အဝ အာရံစိုက်နေသည့် ကော်တင်ဟို

ဖီးလစ်ပီကော်တင်ဟိုသည် အနာဂတ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ တွေးခြင်းမရှိသေးဘဲ ဘိုင်ယန်မြူးနစ်နှင့်အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ရေးသာ အပြည့်အဝ အာရုံစိုက်နေသည်။ ကော်တင်ဟိုသည် ဘိုင်ယန်မြူးနစ်အတွက် နောက်ဆုံးပွဲစဉ်အဖြစ် လာမည့် တနင်္ဂနွေနေ့တွင် လစ္စဘွန်း၌ ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားရမည်ဖြစ်သည်။ အသက် ၂၈ နှစ်ရှိ ဘရာဇီးလက်ရွေးစင်အလယ်တန်းတိုက်စစ်သမားသည် မိခင်ကလပ် ဘာစီလိုနာအား ၈-၂ ဖြင့် အနိုင်ရရှိသည့်ပွဲတွင် နှစ်ဂိုးသွင်းနိုင်ခဲ့သည့်အပြင် တစ်ကြိမ်ဖန်တီးမှု ပြုလုပ်နိုင်ခဲ့သည်။ ထို့အပြင် သူသည် ဗုဒ္ဓဟူးနေ့တုန်းက လိုင်ယန်ကို ၃-၀ ဖြင့် အနိုင်ရရှိသည့်ပွဲတွင်လည်း အရန်ခုံမှ ထကာ ကစားခဲ့သည်။ ဘိုင်ယန်မြူးနစ်သည် ကော်တင်ဟိုအား အပြီးသတ်ခေါ်ယူမည်မဟုတ်ကြောင်း ကြေညာထားရာ လီဗာပူးကစားသမားဟောင်းမှာ မိခင်ကလပ် ဘာစီလိုနာသို့ ပြန်ရမည်ဖြစ်သည်။

ဘာစီလိုနာသည် ၂၀၂၃ ခုနှစ်အထိ စာချုပ်ချု်ပဆိုထားသည့် ကော်တင်ဟိုကို ရောင်းချကာ ကစားသမားဝယ်ယူရေးအတွက် ငွေရှာဖွေသွားရန် စီစဉ်နေသည်။ ကော်တင်ဟိုသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတုန်းက လီဗာပူးမှ ပေါင် ၁၄၂ သန်းဖြင့် ဘာစီလိုနာသို့ ရောက်လာပြီးနောက် အကောင်းဆုံးပုံစံရရှိရန် ရုန်းကန်ရကာ ဘိုင်ယန်မြူးနစ်သို့ အငှားချထားခြင်းခံခဲ့ရသည်။

လက်ရှိအချိန်တွင် ကော်တင်ဟိုအား ခေါ်ယူရန် အာဆင်နယ်က ထိပ်ဆုံးမှ စိတ်ဝင်စားနေပြီး မန်ယူနှင့်ချဲလ်ဆီးတို့ကလည်း အပြောင်းအရွှေ့အခြေအနေကို စောင့်ကြည့်နေကြောင်း သိရသည်။ သို့ရာတွင် ကော်တင်ဟိုက “ ကျွန်တော့်စိတ်ထဲမှာ ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ဘဲ ရှိပါတယ်။ ဒါကကျွန်တော်တို့အတွက် ကြုံတောင့်ကြုံခဲအခွင့်အရေးကြီးဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရလို့အရမ်းပျော်ပါတယ်။ အနာဂတ်နဲ့ပတ်သက်ပြီး ဘာမှ မတွေးထားပါဘူး။ ဗိုလ်လုပွဲအတွက်ဘဲ တွေးနေပါတယ်”ဟု ပြောကြားသွားသည်။

ကော်တင်ဟိုသည် ချန်ပီယ့လိဂ်ဗိုလ်လုပွဲတွင် ဘရာဇီး လက်ရွေးစင်အသင်း ကစားဖော် နေမာနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ကော်တင်ဟိုက “ ဒီပွဲကြောင့် ကျွန်တော်တို့အကြား စကားပြောတာ မရှိပါဘူး။ကျွန်တော့်လိုဘဲ သူလည်း သူ့အတွက်အပြည့်အဝ အာရုံစိုက်နေမှာသေချာပါတယ်။ ပီအက်စ်ဂျီက လျှင်မြန်တဲ့တိုက်စစ်မှူးတွေ ပိုင်ဆိုင်ထားတဲ့ တောင့်တင်းတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ နေမာက တစ်ကမ္ဘာလုံးသိတဲ့သူတစ်ဦးဖြစ်တာကြောင့် သူက ဘယ်လိုကစားသမားတစ်ဦးလဲဆိုတာ ကျွန်တော် ပြောနေဖို့မလိုပါဘူး။ သူတို့မှာ ကျစ်လစ်တဲ့ခံစစ်လည်း ပိုင်ဆိုင်ထားပါတယ်။ ဒီပွဲက ပွဲကောင်းတစ်ပွဲ၊ ဗိုလ်လုပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ”ဟု ပြောကြားသွားသည်။

Ref: Goal

Facebook Comments Box
Facebook Comment