အဓိကကဏ္ဍမှ ပါဝင်ခွင့်ရမည်ဟု ဖာတီကို ကိုးမန်း ကတိပေး

ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ဗီလာရီးရဲလ်အား ၄ ဂိုးပြတ် အနိုင်ရခဲ့သောပွဲတွင် ၂ ဂိုးသွင်းခဲ့သည့် လူငယ်တိုက်စစ်မှူး အန်ဆူဖာတီကို ချီးကျူးလိုက်ပြီး အသင်း၏ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခွင့်ရမည်ဟုလည်း ကတိပေးလိုက်သည်။

လာမည့် အောက်တိုဘာ ၃၁ ရက်တွင် ၁၈ နှစ်ပြည့်မည့် ဖာတီသည် ယမန်နှစ် ရာသီက ဘာစီလိုနာ အသင်းကြီးအတွက် စတင်ကစားခွင့်ရခဲ့ပြီး လာလီဂါ ၇ ဂိုးအပါအဝင် ပြိုင်ပွဲစုံ ၃၃ ပွဲတွင် ၈ ဂိုးသွင်းယူနိုင်ခဲ့သည်။

သို့သော်လည်း ၎င်း ကစားခွင့်ရသော လာလီဂါ ၂၄ ပွဲအနက် ၁၁ ပွဲတွင်သာ ပွဲထွက်လူစာရင်းမှ ကစားခွင့်ရပြီး ကျန် ၁၄ ပွဲက လူစားဝင်အဖြစ် ကစားခွင့်ရထားခြင်း ဖြစ်သည်။

စပိန်လက်ရွေးစင် အသင်းအတွက် ၂ ပွဲကစားကာ ၁ ဂိုးသွင်းထားသော ဖာတီသည် ဆွာရက်ဇ် ထွက်ခွာသွားပြီးနောက် ဘာစီလိုနာတွင် ယခင်ကထက် ပိုမို ပွဲထွက်ကစားခွင့် ရဖွယ်ရှိနေသည်။

ဘာစီလိုနာတိုက်စစ်တွင် မက်ဆီ၊ ဂရစ်ဇ်မန်းတို့က ဦးစားပေးအဖြစ် ရှိနေပြီး ဖာတီနှင့် ဒမ်ဘီလီတို့အနေဖြင့် အလှည့်ကျစနစ်ဖြင့် ပွဲထွက်ခွင့်ရဖွယ် ရှိသည်ဆိုသော သတင်းများထွက်နေချိန် ကိုးမန်းက ဖာတီကို ချီးကျူးလိုက်ခြင်း ဖြစ်သည်။

ဗီလာရီးရဲလ်နှင့်ပွဲတွင် မက်ဆီ၊ ဂရစ်ဇ်မန်းနှင့် ဖာတီတို့က ပွဲထွက်လူစာရင်း မှ ကစားခွင့်ရခဲ့ပြီး ၁၅ မိနစ်၊ ၁၉ မိနစ်တို့တွင် ဖာတီက ဘာစီလိုနာအတွက် အဖွင့်ဂိုး ၂ ဂိုးသွင်းကာ မိနစ် ၇၀ တွင် ဒမ်ဘီလီနှင့် လူစားလဲခဲ့သည်။

ဖာတီသည် စက်တင်ဘာ ၂၃ ရက်ကမှ ဘာစီလိုနာအသင်း၏ ပထမအသင်းသားအဖြစ် တရားဝင် အသိအမှတ်ပြုခံရပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိ စာချုပ်ထားသလို စာချုပ် ဖျက်သိမ်းကြေးကိုလည်း ယူရို သန်း ၄၀၀ အထိ တိုးမြှင့်ထားသည်။

အသင်းကြီး ကစားသမားအဖြစ် အသိအမှတ်ပြုခံရပြီး ၄ ရက်အကြာမှာပင် ၂ ဂိုးသွင်းခဲ့သော ဖာတီနှင့်ပတ်သက်၍ ကိုးမန်းက “ဖာတီက လူငယ်တစ်ယောက်ပါ။ သူ့စွမ်းဆောင်ရည် တစ်သမတ်တည်းရှိနေဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ သူ့မှာ အံ့အားသင့်စရာ အနာဂတ်တစ်ခုရှိနေပြီး ဗီလာရီးရဲလ်နဲ့ပွဲက သူ့ရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ကျွန်တော် ပျော်ပါတယ်။

သူ့ရဲ့တိုးတက်လာမှုက အများကြီးပဲ။ ဒါက အသင်းအတွက် အကျိုးကျေးဇူးပါပဲ။ တိုးတက်မှုကို သူ ဆက်ထိန်းသွားနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု ပြောသည်။

Ref:MundoDeportivo

Facebook Comments Box
Facebook Comment