အတူနေချစ်သူအား ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းမရှိကြောင်း ဂစ် ငြင်းဆို

ဝေးလ်စ်နည်းပြ ရွိုင်ယန်ဂစ်သည် အတူနေချစ်သူအား ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားခဲ့၍ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသော်လည်း ၎င်းအနေဖြင့် ထိုသို့ ကျူးလွန်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုလိုက်သည်။

မန်ချက်စတာ ယူနိုက်တက် တောင်ပံကစားသမားဟောင်း ဂစ်၏နေအိမ်တည်ရှိရာ ဝေါ်စလေဒေသရှိ ရဲစခန်းသည် တနင်္ဂနွေနေ့ ည ၁၀ နာရီခန့်က တိုင်ကြားမှုတစ်ခုကို လက်ခံ ရရှိပြီးနောက် ပေါင် ၁ ဒသမ ၇ သန်းတန် ဂစ်၏နေအိမ်သို့ သွားရောက်စစ်ဆေးခဲ့သည်။

အမျိုးသမီးတစ်ဦးက ၎င်းအား ဂစ်က အနှောင့်အယှက်ပေးကာ ကိုယ်ထိက်ရောက် ကျူးလွန်သည်ဟု တိုင်ကြားခဲ့ခြင်းကြောင့် ဝေါ်စလေ ရဲစခန်းမှ တာဝန်ရှိသူများက အ သက် ၄၆ နှစ်အရွယ် ဂစ်ကို ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးခဲ့သည်ဟု ဗြိတိန်မီဒီယာများ က ဖော်ပြသည်။

ဂစ်သည် အတူနေချစ်သူ PR Executive ကိတ်ဂရီဗီးလ်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ ထိခိုက်နာကျင်စေမှုဖြင့် စစ်ဆေးခံခဲ့ရခြင်းဖြစ်ပြီး ၎င်း၏ အေးဂျင့်ကမူ ဂစ်သည် မည်သည့်တိုက်ခိုက်မှုမှ မလုပ်ခဲ့သလို ကိတ်ဂရီဗီးလ် နာကျင်စေအောင်လည်း မလုပ်ခဲ့ကြောင်း ကြေညာသည်။

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုအတွက် အပြည့်အဝ ပူးပေါင်းပါဝင်သွားမည်ဟု ဂစ်၏ အေးဂျင့်က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ၎င်းတို့ ချစ်သူနှစ်ယောက်သည် ၂၀၁၇ ခုနှစ်မှ စတင်တွဲခဲ့ခြင်း ဖြစ်သည်။

၎င်းတို့၏နည်းပြ ဖမ်းဆီးထိန်းသိမ်းခံရခြင်းနှင့် ပတ်သက်၍ ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်က မကြာမီ နာရီပိုင်းအတွင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ပြီး ဝေးလ်စ်သည် အမေရိကန်၊ ဖင်လန် အိုင်ယာလန်တို့နှင့် ကစားရန် ရှိနေသည်။

ကိတ်ဂရီဗီးလ်သည် ဂစ်ပိုင်ဆိုင်သည့် Hotel Football တွင် PR အရာရှိအဖြစ် အလုပ်လုပ်နေစဉ် ၂၀၁၃ ခုနှစ်အတွင်း ဂစ်နှင့်စတင်တွေ့ဆုံကာ ၂၀၁၇ ခုနှစ်၌ ချစ်သူများအ ဖြစ် လက်တွဲခဲ့ခြင်းဖြစ်သည်။

Ref:Guardian

Facebook Comments Box
Facebook Comment