အဆင့် ၄ နေရာအတွက် ရောက်လာခြင်းမဟုတ်ဟု ချဲလ်ဆီးနည်းပြလမ်းပတ် ပြောကြား

ချဲလ်ဆီးနည်းပြဖရန့်လမ်းပတ်က ဆုဖလားများ ရယူရန်နှင့် ဖိအားများအကြားတွင် ရှင်သန်ရန် ချဲလ်ဆီးနည်းပြရာထူးကို ရယူလိုက်ခြင်း ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ချဲလ်ဆီးနည်းပြဖရန့်လမ်းပတ်သည် အသင်းပိုင်ရှင် ရိုမန်အေဘရာမိုဗစ်ချ်၏ ထောက်ခံအားပေးမှုနှင့်အတူ ထိပ်တန်းကစားသမား ခြောက်ဦးတို့ကို ပေါင်သန်း ၂၀၀ နီးပါး အသုံးပြုကာ ခေါ်ယူထားသည်။

ချဲလ်ဆီးသည် ပြီးခဲ့သည့်နွေရာသီတုန်းက အပြောင်းအရွှေ့ပိတ်ပင်ခံရကာ ကစားသမား မခေါ်ယူနိုင်ခဲ့သော်လည်း ပရီးမီးယားလိဂ်တွင် အဆင့် ၄ နှင့် အက်ဖ်အေဖလားတွင် ဗိုလ်လုပွဲသို့အထိ တက်ရောက်နိုင်ခဲ့သည်။

လမ်းပတ်က ကစားသမားသစ်များ ရောက်လာမှုနှင့်အတူ ရည်မှန်းချက် ပြောင်းလဲသွားပြီ ဖြစ်ကြောင်း ပြောကြားလာသည်။

ဖရန့်လမ်းပတ်က “အဆင့် ၄ နေရာအတွက် တိုက်ပွဲဝင်ဖို့ ရောက်လာတာမဟုတ်သလို အကယ်ဒမီကစားသမားတွေ ခေါ်ဖို့ ရောက်လာတာလည်း မဟုတ်ဘူး။ အနိုင်ယူဖို့ ရောက်လာတာပါ။ ပြီးခဲ့တဲ့နှစ်တုန်းက ကစားသမားအားမဖြည့်နိုင်ခဲ့ဘူး။ ဒီတော့ ဒီနှစ်မှာ ကလပ်က ကစားသမားတွေခေါ်ယူဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ မြင်ကွင်းလည်း ပြောင်းသွားပြီ။ ကျွန်တော်တို့ ရည်မှန်းချက်အတွက် အလုပ်လုပ်ဖို့ အသင့်ဖြစ်နေပါပြီ”ဟု ပြောကြားသွားသည်။

ချဲလ်ဆီးသည် ဂျာမနီလက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် ကိုင်ဟာဗတ်ဇ်ကို ပေါင် ၇၂ သန်းဖြင့်လည်းကောင်း၊ ဂျာမနီလက်ရွေးစင်တိုက်စစ်မှူး တီမိုဝါနာကို ပေါင် ၄၈ သန်းဖြင့်လည်းကောင်း၊ အင်္ဂလန်လက်ရွေးစင် နောက်ခံလူဘင်ရှဲလ်ဝဲလ်ကို ပေါင် ၄၅ သန်းဖြင့်လည်းကောင်း ခေါ်ယူထားသည်။ ထို့အပြင် ၎င်းတို့သည် မော်ရိုကိုလက်ရွေးစင်ဇီယက်ချ်ကို ပေါင် ၃၆ သန်းဖြင့်ခေါ်ယူထားသလို နောက်ခံလူများ ဖြစ်သည့် တီယာဂိုဆေးလ်ဗား၊ မာလန်းဆားတို့ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသည်။

ချဲလ်ဆီးသည် တနင်္လာနေ့တွင် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ဘရိုက်တန်နှင့် ရင်ဆိုင်ကစားရမည်ဖြစ်သည်။

Facebook Comments Box
Facebook Comment