အင်္ဂလန်-အိုက်စလန်ပွဲစဉ်ကို အယ်ဘေးနီးယားတွင် ကစားဖွယ်ရှိ

အင်္ဂလန်သည် အိုက်စလန်နှင့် နေးရှင်းလိဂ်ပွဲစဉ်ကို ဝင်ဘာလေမှ မိုင်ပေါင်း ၂၀၀၀ အကွာဝေးတွင် ရှိသည့် အယ်ဘေးနီးယားတွင် ကစားရမည့် အရေးနှင့် ရင်ဆိုင်နေရသည်။ ယင်းသို့ အင်္ဂလန်၏အိုက်စလန်နှင့်ပွဲကို ကြားကွင်းတွင် ကစားရမည့် အခြေအနေမှာ ကလပ်နှင့် နိုင်ငံလက်ရွေးသင်းအသင်းအကြား ပြဿနာတစ်ရပ်လည်း ဖြစ်လာနိုင်သည့် အခြေအနေတွင် ရှိနေသည်။

အကယ်၍ ဘယ်လ်ကန်တွင် ကစားရမည် ဆိုပါက ဆောက်ဂိတ်၏ အင်္ဂလန်အသင်းမှာ ကြာသပတေးနေ့နံနက် ပရီးမီးယားလိဂ်ပြန်လည်စတင်မီ ၂ ရက်အထိ အင်္ဂလန်သို့ ပြန်ရောက်လာနိုင်ဦးမည်မဟုတ်ချေ။

အထူးသဖြင့် ဖရန့်လမ်းပတ်ဦးဆောင်နေသည့် ချဲလ်ဆီးမှာ နိုဝင်ဘာလ ၂၁ ရက်နေ့ နေ့လည်(ဗြိတိန်စံတော်ချိန်)တွင် နယူးကာဆယ်နှင့် အဝေးကွင်းကစားရမည် ဖြစ်၍ ပွဲအတွက်ပြင်ဆင်ရေးအပေါ်များစွာ ထိခိုက်လာမည် ဖြစ်သည်။

အိုက်စလန်သည် ဗြိတိန်အစိုးရ၏ကိုဗစ်ကန့်သတ်ချက်များကြောင့် အင်္ဂလန်သို့ ပြည်ဝင်ခွင့်မရ ဖြစ်နေရာ အက်ဖ်အေအနေဖြင့် ဝင်ဘာလေကွင်းကစားရမည့်ပွဲကို ကြားကွင်းတစ်ကွင်းတွင် ကစားရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ဗြိတိန်အစိုးရက ဒိန်းမတ်မှ ပြန်လာသည့် ဗြိတိန်နိုင်ငံသားမဟုတ်သူများကို ပြည်ဝင်ခွင့်ပိတ်ထားသည်။ အိုက်စလန်သည် ဝင်ဘာလေသို့ မလာရောက်မီ ဒိန်းမတ်နှင့် ကစားရမည် ဖြစ်ရာ ဗြိတိန်ပြည်ဝင်ခွင့်အတွက် အခက်အခဲများ ရှိနေသည်။ အိုက်စလန်သည် လာမည့် တနင်္ဂနွေနေ့တွင် ကိုပင်ဟေဂင်တွင် ဒိန်းမတ်နှင့် ကစားရမည် ဖြစ်သည်။ ယင်းနေ့တွင် အင်္ဂလန်မှာလည်း ဘယ်လ်ဂျီယံသို့ သွားရောက်ကာ နေးရှင်းလိဂ်ပွဲကစားရမည် ဖြစ်ပြီး ယင်းပွဲအပြီးတွင် လန်ဒန်သို့ ပြန်လာရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် အက်ဖ်အေသည် အိုက်စလန်အား ပြည်ဝင်ခွင့်ပေးရေးအတွက် ဗြိတိန်အစိုးရနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်။ အက်ဖ်အေသည် ဗြိတိန်အစိုးရနှင့် ဆွေးနွေးမှု အဆင်မပြေပါက အယ်ဘေးနီးယားတွင် ကစားရန်အတွက် ဆွေးနွေးမှု ပြုလုပ်ထားသည်။ ထို့အပြင် အက်ဖ်အေသည် ဂျာမနီမှ ကြားကွင်းတစ်ကွင်းတွင်လည်း ကစားရန် စဉ်းစားထားသေးသည်။

ဒိန်းမတ်သို့ သွားရောက်သည့် ဗြိတိန်နိုင်ငံသား (သို့မဟုတ်) ဗြိတိန်တွင် နေထိုင်သူများမှာ ဗြိတိန်သို့ ပြန်လာနိုင်သော်လည်း ပြန်ရောက်လာချိန်တွင် ၁၄ ရက်ကြာ ကွာရန်တင်း ဝင်ရမည် ဖြစ်သည်။

ထို့ကြောင့် ဒိန်းမတ်ကစားသမားများ ရှိနေသည့် ပရီးမီးယားလိဂ်ကလပ်များမှာ အခက်တွေ့နေသလို ဒိန်းမတ်နှင့် ကစားရရန် ရှိနေသည့် လက်ရွေးစင်ကစားသမားများကိုလည်း မကစားရန် တိုက်တွန်းထားသည်။ ယူနိုက်တက်သည် ဆွီဒင်နောက်ခံလူလင်ဒီလော့ဖ်အား ဒိန်းမတ်နှင့်ခြေစမ်းပွဲကို သွားရောက်မကစားရန် ပိတ်ပင်ထားပြီး ဖြစ်သည်။

Facebook Comments Box
Facebook Comment