
အင်္ဂလန်မှာ လာမည့် ကမ္ဘာ့ဖလားနှင့် ယူရိုဖလားတို့ကို ဆွတ်ခူးနိုင်ကြောင်း ဒီဘရိုင်းပြောကြား
မန်စီးတီး အလယ်တန်း ကစားသမားကီဗင်ဒီဘရိုင်းက အင်္ဂလန်အသင်းမှာ အရည်အသွေးအပြည့်အဝရှိသည့် ကစားသမားများ ပိုင်ဆိုင်ထားသည့် အသင်းဖြစ်ပြီး လာမည့် ယူရိုပြိုင်ပွဲနှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတို့တွင် ချန်ပီယံဖြစ်နိုင်ကြောင်း ထောက်ခံပြောကြားလိုက်သည်။
ကီဗင်ဒီဘရိုင်း၏ဘယ်လ်ဂျီယံသည် ယနေ့ညတွင် ဝင်ဘာလေကွင်း၌ အင်္ဂလန်နှင့် ရင်ဆိုင်ကစားရမည် ဖြစ်သည်။
ဆောက်ဂိတ်၏အင်္ဂလန်သည် နောက်ဆုံးခြောက်ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်း ရရှိထားပြီး မကြာသေးမီတုန်းက ဝင်ဘာလေတွင် ဝေးလ်ကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိထားသည်။

ဘယ်လ်ဂျီယံမှာလည်း ၁၃ ပွဲဆက်တိုက်ရှုံးပွဲမရှိ မှတ်တမ်း ရရှိထားပြီး ကြာသပတေးနေ့က အိုင်ဗရီကို့စ်နှင့် တစ်ဂိုးစီ သရေကျထားသည်။
ကီဗင်ဒီဘရိုင်းက “သူတို့ အရမ်းကောင်းသင့်တယ်။ အလားအလာကောင်းတွေ အများကြီးရှိတဲ့ အရမ်းနုပျိုတဲ့အသင်းပါ။ လာမယ့် ယူရိုနဲ့ ကမ္ဘာ့ဖလားတို့ကို ရယူဖို့ သူတို့ ရည်မှန်းထားသင့်တယ်လို့ ထင်ပါတယ်။ သူတို့ ဖြစ်လာနိုင်တယ်လို့ ထင်တယ်။ ဒီပြိုင်ပွဲတွေမှာ အနိုင်ရနိုင်တဲ့ အသင်းတွေ အများကြီးပါ။ ဒါပေမယ့် ဒီအသင်း(အင်္ဂလန်)မှာ ထိပ်တန်းကလပ်တွေမှာ ကစားနေတဲ့သူတွေကို ပိုင်ဆိုင် ထားပါတယ်”ဟု ပြောကြားခဲ့သည်။
ထို့အပြင် ဘယ်လ်ဂျီယံနည်းပြမာတီနက်ဇ်ကလည်း ဆောက်ဂိတ်၏ အင်္ဂလန်အသင်းမှာ မကြာမီကာလအတွင်းတွင် အောင်မြင်မှု ရယူလာမည်ဟု ယုံကြည်ကြောင်း ပြောကြားသွားသည်။

၎င်းက “အင်္ဂလန်ကစားသမားတွေက ကမ္ဘာ့ဘောလုံးလောကမှာ ထိပ်တန်းအဆင့် ကစားသမားတွေ ဖြစ်ပါတယ်။ သူတို့ ဆုဖလားရယူဖို့၊ ပြိုင်ပွဲတစ်ခုမှာ အရေးပါတဲ့ ရလဒ်ရယူဖို့ အချိန်တစ်ခုဘဲ လိုအပ်နေတာပါ”ဟု ပြောကြားသွားသည်.
အင်္ဂလန်နှင့် ဘယ်လ်ဂျီယံတို့သည် ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်မှ ထွက်ခွာခဲ့ကြသည့်အသင်းများ ဖြစ်ကြပြီး ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်သို့အထိသာ တက်နိုင်ခဲ့ကြသည်။ ၎င်းတို့သည် ၂၀၁၈ ကမ္ဘာ့ဖလား တတိယနေရာလုပွဲတွင် ရင်ဆိုင်ခဲ့ကြရာ မာတီနက်ဇ်၏အသင်းက အနိုင်ရရှိခဲ့သည်။
လက်ရှိအချိန်တွင် ဘယ်လ်ဂျီယံသည် ဖီဖာနိုင်ငံအဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံး၌ ရပ်တည်နေပြီး အင်္ဂလန်မှာလည်း အဆင့် ၄ နေရာသို့အထိ တက်လှမ်းထားနိုင်သည်။