အင်္ဂလန်ပွဲများအတွက် ဂရင်းဝုဒ်ကို အနားပေးရန် ယူနိုက်တက်တောင်းဆိုခဲ့

မန်ချက်စတာယူနိုက်တက်သည် မာဆင်ဂရင်းဝုဒ်မှာ အနားယူရန် လိုအပ်နေသည့်အတွက် အင်္ဂလန်၏ UEFA Nations League တွင် မရွေးချယ်ရန် တောင်းဆိုခဲ့ကြောင်း နည်းပြဆိုးလ်ရှားက ဖွင့်ဟ ပြောကြားလာသည်။

၂၀၁၉-၂၀ ရာသီတုန်းက ယူနိုက်တက်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ပွဲ ၅၀ အထိ ကစားခဲ့ရသည့် အသက် ၁၈ နှစ်ရှိ ဂရင်းဝုဒ်သည် စက်တင်ဘာလ ၅ ရက်နေ့တုန်းက အင်္ဂလန်အတွက် ပထမဆုံးပွဲကို ကစားခဲ့ရသည်။

သို့ရာတွင် ဂရင်းဝုဒ်သည် အိုက်စလန်တွင် ရှိနေစဉ်အတွင်း အသင်းတည်းခိုရာ ဟိုတယ်သို့ အိုက်စလန်သူနှစ်ဦးကို ဖိတ်ခေါ်ကာ ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်း ချိုးဖောက်ခဲ့မှုကြောင့် မန်စီးတီးကွင်းလယ်ကစားသမားဖိုဒန်နှင့်အတူ အင်္ဂလန်သို့  ပြန်ပို့ခံခဲ့ရသည်။

ဆိုးလ်ရှားက “သူ့ကို တစ်နွေလုံး အနားရအောင် ကျွန်တော် အစွမ်းကုန် လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ သူ ပွဲအများကြီး ကစားခဲ့တာကြောင့် အနားပေးဖို့ လိုနေတယ်လို့ ချက်ကျလက်ကျ ထောက်ပြပြီး တောင်းဆိုခဲ့တာပါ။ ရာသီပြီးဆုံးပြီးတဲ့နောက် သူဟာ စိတ်ဓာတ်ပိုင်းရော၊ ရုပ်ပိုင်းရော အနားယူဖို့ လိုအပ်နေခဲ့တာပါ။ ဒါပေမယ့် အက်ဖ်အေက သူ့ကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် ခင်ဗျားတို့အနေနဲ့ သူ့ကို တစ်ကမ္ဘာရဲ့က ကင်မရာတွေရဲ့ ရှေ့သို့ မပို့သင့်ပါဘူး။ ကျွန်တော်တို့ဟာ သူ့ကို အကာအကွယ်ပေးနိုင်ဖို့ အစွမ်းကုန် လုပ်ခဲ့သလို ဆက်ပြီးတော့ ကူညီသွားပါဦးမယ်”ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရာသီတုန်းက ယူနိုက်တက်အတွက် ၁၈ ဂိုးအထိ သွင်းယူခဲ့သည့် ဂရင်းဝုဒ်သည် အိုက်စလန်အဖြစ်အပျက်နှင့်ပတ်သက်၍ လူသိရှင်ကြား တောင်းပန်မှု ပြုလုပ်ခဲ့ရသည်။ ထို့အပြင် သူသည် နိုက်ထရိုအောက်ဆိုဒ်အငွေ့ ရှူရှိုက်သည့် ဗီဒီယိုဖိုင် တက်လာမှုကြောင့်လည်း တောင်းပန်ခဲ့ရသေးသည်။

ဆက်လက်၍ ဆိုးလ်ရှားက ဂရင်းဝုဒ်၏လုပ်ရပ်များမှာ မှားယွင်းကြောင်း၊ သို့သော် ငယ်ရွယ်သူတစ်ဦး ဖြစ်မှုကြောင့် ခွင့်လွှတ်နားလည်မှုပေးနိုင်ရန် လိုအပ်ကြောင်း ပြောကြားသွားသည်။

ဆိုးလ်ရှားက “အမှားတွေနဲ့ပတ်သက်ပြီး ဘာမှ မပြောချင်ပါဘူး။ အမှားတစ်ချို့ လုပ်ခဲ့တယ်ဆိုပေမယ့် ကျွန်တော်တို့ ရင့်ကျက်ဖို့ လိုပါတယ်။ သူ့အတွက် အကျိုး ရှိစေမယ့် ဆုံးဖြတ်ချက်ဘဲ ချသင့်ပါတယ်”ဟု ပြောကြားခဲ့သည်။

ထို့အပြင် ဆိုးလ်ရှားက ဂရင်းဝုဒ်မှာ ယနေ့ည ခရစ္စတယ်ပဲလေ့စ်နှင့် ပရီးမီးယားလိဂ် အဖွင့်ပွဲတွင် ပါဝင်လာမှာ ဖြစ်ကြောင်းလည်း အတည်ပြုသွားသည်။

Facebook Comments Box
Facebook Comment