အင်္ဂလန်တွင် ပြန်ရွေးချယ်ခံရရန် ယုံကြည်မှုများစွာ ပြန်လည်တည်ဆောက်ရတော့မည့် ဖိုဒင်နှင့် ဂရင်းဝုဒ်

အင်္ဂလန်နည်းပြဂရေမီဆောက်ဂိတ်က ကွာရန်တင်းစည်းမျဉ်းကို ချိုးဖောက်မှုကြောင့် အင်္ဂလန်အသင်းမှ ထုတ်ပယ်ခြင်းခံခဲ့ရသည့် ဖီးလ်ဖိုဒင်နှင့် မာဆင်ဂရင်းဝုဒ်တို့အနေဖြင့် နောက်တစ်ကြိမ် အင်္ဂလန်အသင်းတွင် ပြန်လည် ရွေးချယ်ခြင်းခံရရန် ယုံကြည်မှု ပြန်လည် တည်ဆောက်ရန် လိုအပ်ကြောင်း ပြောကြားလိုက်သည်။

မန်စီးတီးနှင့် မန်ယူကစားသမားတို့သည် အိုက်စလန်သို့ ရောက်ရှိနေစဉ်အတွင်း အသင်းတည်းခိုရာ ဟိုတယ်သို့ အိုက်စလန်သူ မော်ဒယ်လေးများကို ခေါ်ဆောင်ကာ ကွာရန်တင်းစည်းမျဉ်းကို ချိုးဖောက်မှုကြောင့် တနင်္လာနေ့တုန်းက အင်္ဂလန်အသင်းမှထုတ်ပယ်ခြင်းခံခဲ့ရသည်။

ထို့အပြင် ဖိုဒင်နှင့် ဂရင်းဝုဒ်တို့သည် အိုက်စလန်၏ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်း စည်းကမ်းကို လိုက်နာခြင်းမရှိမှုကြောင့် ပေါင် ၁၃၀၀ ဒဏ်ရိုက်ခြင်းခံခဲ့ရသည်။

ဒိန်းမတ်နှင့် ဂိုးမရှိသရေကျသည့် UEFA Nations League ပွဲအပြီးတွင် အင်္ဂလန် နည်းပြဆောက်ဂိတ်က မန်စီးတီးနှင့်မန်ယူစတားတို့အနေဖြင့် အင်္ဂလန်တွင် ပြန် လည်ရွေးချယ်ခံရရန် များစွာ ပြန်လည်လုပ်ဆောင်ရတော့မှာ ဖြစ်ကြောင်း သတိ ပေးလာခဲ့ပြီ ဖြစ်သည်။

ဆောက်ဂိတ်က “အကျိုးဆက်တွေကတော့ ရှိပါတယ်။ ပြီးတော့ အခုအချိန်မှာ သူတို့ အားပေးမှုတွေ လိုအပ်နေပါတယ်။ သူတို့ကို ပြန်လည်တည်ဆောက်ရေး အကူအညီပေးဖို့ လိုအပ်နေပါတယ်။ အင်္ဂလန် ကစားသမားတစ်ဦး ဖြစ်ရတာ ဘယ်လောက် မျှော်လင့်မှုတွေ ရှိတယ်ဆိုတာ သူတို့ နားလည်ဖို့ လိုပါတယ်။ ဒီအ တွက် သူတို့ကို ကျွန်တော်တို့ အကူအညီပေးရပါမယ်။ ယုံကြည်မှု တည်ဆောက်ရပါမယ်။ ပြီးတော့ လူငယ်လေးတွေကို ကိုယ့်ခြေထောက်ပေါ်မှာ မားမား မတ်မတ် ရပ်တည်နိုင်အောင် ကူညီရပါမယ်”ဟု ပြောကြားသွားခဲ့သည်။

ထို့အပြင် ဆောက်ဂိတ်က ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းစည်းကမ်းမရှိလျှင်လည်း ဖိုဒင်နှင့် ဂရင်းဝုဒ်တို့၏လုပ်ရပ်မှာ လက်ခံနိုင်စရာမရှိ၍ အသင်းမှ ထုတ်ပယ်ခံရရန် သေချာကြောင်း ပြောကြားသွားသည်။

ဖိုဒင်နှင့်ဂရင်းဝုဒ်တို့သည် စနေနေ့က အိုက်စလန်အား ၁-၀ဂိုးဖြင့် အနိုင်ရရှိသည်ပွဲတွင် အင်္ဂလန်အတွက် ပထမဆုံးပွဲကို ကစားခွင့်ရရှိခဲ့သည့်သူများ ဖြစ်သည်။ မာဆင်သည် ပြီးခဲ့သည့် ရာသီတုန်းက မန်ယူအတွက် ၁၈ ဂိုးသွင်းယူနိုင်မှုကြောင့် အင်္ဂလန်တွင် ပထမဆုံးအကြိမ် ရွေးချယ်ခြင်းခံခဲ့ရပြီး ဖိုဒင်မှာလည်း ဂွါဒီယိုလာ၏မန်စီးတီးတွင် ပုံမှန်ကစားခွင့်ရရှိမှုနှင့်အတူ ရွေးချယ်ခြင်းခံခဲ့ရခြင်း ဖြစ်သည်။

Facebook Comments Box
Facebook Comment