အင်္ဂလန်တွင်လည်း ဘီအသင်းများ တည်ဆောက်ကာ အဆင့်နိမ့်လိဂ်တွင် ယှဉ်ပြိုင်စေသင့်ကြောင်း မန်စီးတီး စီအီးအို ယုံကြည်

မန်စီးတီးစီအီးအို ဖာရန်ဆိုရီယာနိုက အင်္ဂလိပ်ဘောလုံးလိဂ်အနေဖြင့် ပရီးမီးယားလိဂ်အရန်အသင်းများကို အဆင့်နိမ့်လိဂ်များတွင် ဝင်ရောက် ယှဉ်ပြိုင်စေသင့်ကြောင်း တိုက်တွန်း ပြောကြားလိုက်သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ထက် နိမ့်သည့် ကလပ်များ၏ ဝင်ငွေများမှာ အလွန်ဆိုးရွားနေသည်။ ပရီးမီးယားလိဂ်ကလပ်များမှာလည်း ရုပ်သံလွှင့်ခ ဝင်ငွေ၊ ပရိသတ်ဝင်ကြေးတို့ လျှော့ကျသွားမှုကြောင့် အခက်တွေ့နေသည်။ သို့ရာတွင် ချန်ပီယံရှစ်၊ လိဂ်၁ နှင့် လိဂ်၂ ကလပ်များမှာ ခက်ခဲသည့်အနာဂတ်ရင်ဆိုင်နေရသည်။

၂၀၁၆ ခုနှစ်တုန်းက အင်္ဂလန်ဘောလုံးလိဂ်ကလပ်များသည် ပရီးမီးယားလိဂ်(ခ)အသင်းများအား အဆင့်နိမ့်လိဂ်များတွင် ကစားစေရေး အဆိုကို ကန့်ကွက်ခဲ့ကြသည်။

သို့ရာတွင် မန်စီးတီး စီအီးအိုက ယင်းအဆိုကို ပြန်လည်တင်သွင်းသင့်ကြောင်းနှင့် အကယ်၍ ဖြစ်လာပါက လူငယ်ကစားသမားများမှာ စီနီယာကစားသမားများနှင့် ရင်ဆိုင်ရမှုကြောင့် ခြေစွမ်းပိုင်း ပိုမို တိုးတက်လာမည် ဖြစ်ကြောင်း ပြောကြားသွားသည်။

ဆိုရီယာနိုက “အင်္ဂလိပ်ဘောလုံးလိဂ်ရဲ့စိန်ခေါ်မှုတွေထဲက တစ်ခုကတော့ လုပ်ငန်းက အံဝင်ခွင်ကျမဖြစ်မှုပါ။ သူတို့ဟာ ဘယ်လို တိုးတက်အောင် လုပ်မယ်။ လစာနဲ့ပတ်သက်ပြီး ဆွေးနွေးပါတယ်။ အခု ကိပ်ဆိုက်နေတဲ့အချိန်မှာ ပြဿနာတွေကို ကွဲပြားတဲ့ ချဉ်းကပ်မှုတွေနဲ့ ပြုလုပ်ပြီး ဖြေရှင်းဖို့ အကောင်းဆုံး အခွင့်အရေး တစ်ခုလို့လည်း မြင်နေပါတယ်။ အခြားပြဿနာတွေကလည်း ရှိနေပါတယ်။ အင်္ဂလန်မှာ ကစားသမားတွေရဲ့ တိုးတက်မှုအပိုင်းကလည်း ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။ ဘီအသင်းတွေကို မခွင့်ပြုပါဘူး။ အသက် ၁၇ နှစ် (သို့မဟုတ်) ၁၈ လူငယ်အုပ်စုတွေ ရှိပါတယ်။ သူတို့အတွက် တိုးတက်အောင် လုပ်ဖို့ နေရာမရှိပါဘူး။ ဒါကြောင့်လည်း ဂျာမန်အသင်းတွေက သူတို့ကို ခေါ်ယူနေပါတယ်။ ဂျာမန်ကလပ်တွေဟာ အင်္ဂလိပ် ကလပ်တွေဆီက လူငယ်တွေကို ခေါ်တုန်းက ပေးခဲ့တဲ့ ဈေးရဲ့ ၁၀ ဆအထိ မြင့်မားတဲ့ ဈေးနဲ့ ကျွန်တော်တို့ကို ပြန်ရောင်းနေပါတယ်။ ဒီတော့ ဒါကို ဖြေရှင်းရပါမယ်။ အခုလို ကပ်ဆိုက်နေတာက အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်နေပါတယ်။ ကျွန်တော်တို့ အတူတကွဲ လက်တွဲပြီး ဒီပြဿနာတွေကို ဖြေရှင်းရပါမယ်”ဟု ပြောကြားသွားခဲ့သည်။

မန်စီးတီး စီအီးအိုသည် ၂၀၀၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ဘာစီလိုနာတွင် ဒုဥက္ကဌ၊ စီအီးအိုတို့အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

စပိန်တွင် လာလီဂါကလပ်များမှ (ခ)အသင်းများမှာ စပိန်အဆင့်နိမ့်လိဂ်များတွင် ကစားခွင့် ရရှိနေပြီး လာလီဂါသို့ တန်းတက်ခွင့် မရရှိချေ။ ယင်းသို့ အဆင့်နိမ့်လိဂ်များတွင် ယှဉ်ပြိုင်ရမှုကြောင့် (ခ)အသင်းမှ လူငယ်များမှာ အတွေ့အကြုံကောင်းများ ရရှိကာ တိုးတက်မှုများစွာ ဖြစ်လျက်ရှိသည်။

Facebook Comments Box
Facebook Comment