
အင်အားကြီးလာတော့မယ့် Dark Horse တွေနဲ့ EPL ရာသီသစ်
EPL ပွဲစဉ် ၁ ပြီးသွားတော့ ဘယ်အသင်းတွေကစားတာကို ကြိုက်မိကြလဲဗျ . . .
ကျွန်တော်တော့ လီဗာပူးလ်၊ ချယ်လ်ဆီး၊ စပါးစတဲ့ Top 6 အမည်ပေါက် ထိပ်သီးတွေကစားတာထက် လိဒ်ယူနိုက်တက်၊ အဲဗာတန်၊ ဝုဗ်တို့ကစားသွားတဲ့ပုံစံကို ပိုပြီးသဘောကျမိတယ်။ အလယ်အလတ် အသင်းတွေလို့ပဲ ဆိုကြပါစို့ . . .
ယူနိုက်တက်နဲ့ စီးတီးကတော့ ကစားထားတာမရှိသေးလို့ ခဏချန်ထားလိုက်ကြရအောင်ဗျာ . . .
အဲဒီ ကစားပုံကောင်းတယ်ဆိုတဲ့ အလယ်အလတ်အသင်းတွေက ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အထိတော့ မျှော်လင့်လို့ မရသေးသလို သူတို့နည်းပြတွေကလည်း အဲဒီလောက် မျှော်မှန်းပြင်ဆင်ထားတာမဟုတ်ဘူး။ ဒီအသင်းတွေက EPL ချန်ပီယံ ဖြစ်ဖို့ ပြိုင်နေတဲ့အသင်းတွေ သွားတဲ့လမ်းကြောင်းမှာ ကောင်းကောင်းဒုက္ခပေးမယ့်အသင်းတွေ ဖြစ်လာကြမှာပါ။
မနှစ်ကဆို လက်စတာ၊ ရှက်ဖီးယူနိုက်တက်၊ ဝုဗ်တို့ လိုမျိုးပေါ့။ ဒီလိုအသင်းတွေကို ဖျက်မြင်း(Dark Horse) တွေလို့ခေါ်ကြပြီး အဲလို အသင်းတွေများလာရင် ပြိုင်ပွဲက တစ်ပွဲထက်တစ်ပွဲ ပိုစိတ်ဝင်စားစရာကောင်းလာတတ်ပါတယ်။
အဲဒါကြောင့် ဒီနှစ်မှာ အင်အားပိုကောင်းလာနိုင်တဲ့ Dark Horse တွေကို လေ့လာကြည့်ရအောင့် . . .

အဲဗာတန်
EPL ပွဲစဉ် ၁ မှာ ကစားသမားသစ်တွေဖြစ်တဲ့ ဟာမီးစ်ရိုဒရီဂွက်ဇ်၊ အယ်လန်နဲ့ ဒူကိုရီတို့ ၃ ယောက်လုံးပါ ဝင်ကစားသွားခဲ့ပြီး ကွင်းလယ်မှာ အန်ဒရီဂိုမက်ဇ်နဲ့ တွဲနေရာချ၊ ၄-၄-၂ Diamond (Narrow) ပုံစံနဲ့ ပွဲထွက်လာခဲ့တယ်။
ဒီပုံစံမှာ ကွင်းလယ်ကို အသာစီးအရယူထားပြီး တိုက်စစ်ကစားတဲ့အချိန်တွေမှာ wing တွေက ဖြတ်တင်ဘောတွေထက် အတိုပေးတဲ့ တိုက်စစ်အစိပ်ပုံစံနဲ့ ကစားသွားခဲ့တယ်။ အသင်းရဲ့အသက်သွေးကြောက Diamond ရဲ့ Attacking က ဟာမီးစ်နဲ့ Defensive နေရာက အယ်လန်တို့ပါပဲ။
နောက် ဒူကိုရီအနေနဲ့လည်း အန်ဒရေဂိုမက်ဇ်နဲ့ တွဲပြီး Holding ပုံစံကို အကောင်းဆုံးကစားခဲ့တယ်။ ပြောရမယ်ဆို ကစားသမားသစ် ၃ ယောက်လုံးက အန်ဆယ်လော့တီလိုချင်တဲ့ပုံစံမှာ ချက်ချင်း အံဝင်ခဲ့တယ်လို့ဆိုရမှာပါ။
အန်ဆယ်လော့တီဟာ ဒီအပြောင်းအရွှေ့ ၃ ခုအတွက် သုံးခဲ့ရတဲ့ ပမာဏကလည်း ပေါင်သန်း(၅၀) ကျော်ကျော်လေးပါပဲ။
သူ့အသင်းမှာ မနှစ်ကတည်းက ခြေစွမ်းပြနေတဲ့ ဂိုးသမား ပစ်ဖို့ဒ်၊ နောက်တန်းမှာ ဟိုးလ်ဂိတ်၊ မိုက်ကယ်ကိန်း၊ ဒစ်ဂ်နေး၊ ကိုးလ်မန်း၊ ဘားနတ်ဒ် ကွင်းလယ်မှာ အန်ဒရေးဂိုမက်ဇ်၊ ဆီဂတ်ဆင်၊ တွမ်ဒေးဗီးစ်၊ ဖေဘီယံဒက်ဖ်နဲ့ တိုက်စစ်မှာ ရစ်ချာလီဆင်၊ ကာဗတ်လီဝင်၊ အီဝိုဘီ၊ ဝဲကော့နဲ့ မွိုက်စ်ကိန်း ဆိုတော့ ဒီလူစာရင်းက တော်ရုံ အသင်းကြီးတွေရဲ့လူစာရင်းကို ကောင်းကောင်းကြီးယှဉ်နိုင်တယ်ဆိုတာ ထင်သာမြင်သာရှိမှာပါ။
ဒီလူစာရင်း ဒီကစားပုံနဲ့ တော်ရုံတန်ရုံဆိုရင် အဲဗာတန်က ကောင်းကောင်းသိပ်နိုင်မယ့် သဘောရှိသလို နည်းပြ အယ်ဆယ်လော့တီအနေနဲ့ အရန်ကစားသမားအင်အားကလည်း တောင့်နေပြီဆိုတော့ ကစားကွက်ကို ရင်ဆိုင်ရမယ့်အသင်းအပေါ်မူတည်ပြီး လှည့်နိုင်ပတ်နိုင်ပြီပေါ့။
ဒီလူစာရင်း ဒီနည်းပြနဲ့ဆိုရင် ချန်ပီယံဆုမှန်းလို့ရပြီလား။ ဟိုး . . .ဆရာ။ ဘောလုံးပွဲဆိုတာ TV Game ကစားနေတာ မဟုတ်ပါဘူး။ ပါဝါကောင်းတဲ့ကစားသမားတွေ ဝယ်ဖြည့်ရုံနဲ့ အသင်းတိုင်းကို သာသွားတယ်ဆိုတာ PS 2 တို့ PS 3 တို့မှာပဲ ရှိပါတယ်။
အဲဗာတန် ကြောက်စရာကောင်းတဲ့အသင်းဖြစ်လာမှာပါ။ ဒါပေမယ့် ဗိုလ်စွဲဖို့ဆိုတာထက် Strong Dark Horse အဖြစ်နဲ့ပေါ့ . . .
ဝုဗ်ဗာဟမ်တန်

ဝုဗ်ဘုတ်အဖွဲ့က အချိန်ကိုက်လုပ်ဆောင်နေတဲ့ပုံစံတွေက ချီးကျုးစရာကောင်းပါတယ်။ နည်းပြနူနိုဆန်တိုလိုချင်တဲ့ ကစားသမားတွေကို ဝယ်ပေးနိုင်ခဲ့သလို ရှက်ဖီးနဲ့မကစားခင် နာရီပိုင်းလောက်အလိုမှာ နည်းပြဆန်တိုကို သက်တမ်းတိုးလိုက်တယ်။
အဲဒီတော့ဘာဖြစ်လဲ။ အားလုံးမြင်တဲ့အတိုင်းပါပဲ။ မာကျောပါတယ်ဆိုတဲ့ ရှက်ဖီးယူနိုက်တက်ကွင်းမှာ ပွဲစကတည်းက အုံးအုံးထအောင် တိုက်စစ်ကစားပြီး သွင်းဂိုး ၂ ဂိုးကို အလွယ်တကူ ယူသွားနိုင်တာပေါ့။
၂ ဂိုးရပြီးတဲ့နောက်ပိုင်း သူ မဟုတ်သလို နဲ့ ထိန်းပြီးကစားသွားခဲ့တာကြည့်ရင် နူနိုဆန်တိုရဲ့ တစ်ပွဲချင်းစီ Plan က အလုပ်ဖြစ်နေတယ်ဆိုတာ မြင်နိုင်ပါတယ်။
ကောင်းပြီ ဖျက်မြင်းအသင်းတစ်သင်းက ဒီလောက်လူစာရင်းနဲ့ လုံလောက်ပြီလား၊ အရန်အင်အားတောင့်မှ အဆင်ပြေမယ်လေ လို့စဉ်းစားလို့ရပါတယ်။
သူ့အရန်လူစာရင်းမှာ မနှစ်က ဂိုးအရမ်းသွင်းတဲ့ ဒီယေဂိုဂျိုတာတို့၊ ကွင်းလယ်မှာ ဆရာကျကျ ဘောဖြန့်နိုင်တဲ့ ရူဘန်နီဗက်စ်တို့ ရှိနေသေးသလို အသစ်ခေါ်ထားတဲ့ ဖေဘီယိုဆေးလ်ဗား၊ ဗီနာဂရီတို့ အားကလည်း နည်းတာမှမဟုတ်တာ။
သေချာတာကတော့ ဝုဗ်အနေအထားက မနှစ်ကထက် ယုတ်လျော့သွားဖို့ အခွင့်အရေးနည်းပြီး ပိုအင်အားကောင်းလာမယ့်အခြေအနေကို ဦးတည်နေပါတယ်။
ဒါဆိုရင် ဝုဗ်ဟာ Big 6 ဆိုတဲ့ ထိပ်သီး ၆ သင်းရဲ့ ချန်ပီယံလမ်းကြောင်းကို ကောင်းကောင်း ခြေရှုပ်နိုင်မယ်မဟုတ်လား . . .

လက်စတာနဲ့ လိဒ်ယူနိုက်တက်
အဲဗာတန်နဲ့ ဝုဗ်တို့အပြင် ဖျက်မြင်းဖြစ်လာနိုင်တဲ့ တခြားအသင်းတွေလည်း ရှိနေပါသေးတယ်။ မနှစ်က Top 4 ဝင်ဖို့အထိ ရေပန်းစားပြီး နောက်ဆုံးမှ ကပ်လွဲခဲ့တဲ့ လက်စတာဟာ သူ့အသင်းက အဓိက ကစားသမားတွေကို ဆက်ထိန်းထားနိုင်ခဲ့တဲ့အပြင် သူရလဒ်ပိုင်းဆိုးခဲ့တာ Restart ကာလမှာ ဒဏ်ရာကြောင့်မပါနိုင်ခဲ့တဲ့ ရီကာဒိုပါရဲရား၊ မက်ဒီဆင်တို့ ပြန်လာနိုင်တော့မှာမို့ မနှစ်က ရာသီအစမှာ စွာခဲ့တဲ့ ဘရန်ဒန်ရော်ဂျာရဲ့ လက်စတာကို ပြန်မြင်ရနိုင်ပါတယ်။
လူအင်အားဖြည့်တင်းမှုအနေနဲ့ အများကြီးမလုပ်ထားပဲ အတ္တလန္တာက ဘယ်လ်ဂျီယံ ညာနောက်ခံလူ ကက်စ်တာဂီ တစ်ယောက်လောက်ပဲ ရှိတယ်ဆိုပေမယ့် လက်စတာ ဘာလုပ်ပြနိုင်လဲဆိုတာ ယုံယုံကြည်ကြည် ဆက်စောင့်ကြည့်လို့ရပါတယ်။
ပွဲစဉ် ၁ မှာ တန်းတက်အသင်း ဝက်စ်ဘရွန်းကိုလည်း ပရီးမီးယားလိဂ် ထိပ်သီးအသင်းစတိုင်နဲ့ အကောင်းဆုံးကစားပြသွားခဲ့တာကတော့ လက်စတာကို ဒီနှစ်လည်း လျှော့မတွက်သင့်ဘူးလို့ ဖော်ပြနေသလိုပဲဗျ။

နောက်တစ်သင်းကတော့ တန်းတက်အသင်းဖြစ်တဲ့ လိဒ်ယူနိုက်တက်။ သူတို့ခြေစွမ်းပိုင်းနဲ့ ပတ်သက်လို့ အများကြီးတော့ ကျွန်တော်မကြည့်ဖြစ်ထားပေမယ့် လီဗာပူးလ်နဲ့ ပွဲမှာ တောင်ပံကစားသမား ဟဲရစ်ဆင်တို၊့ ဝုဗ်ကပြောင်းလာတဲ့ ဟယ်လ်ဒါကော်စတာနဲ့ တိုက်စစ်မှူး ဘန်းဖို့ဒ် တို့ရဲ့ တိုက်စစ်အားကတော့ တော်ရုံအသင်းတွေ ကစားရတာ လွယ်ဖို့မရှိဘူး။
ဒီပွဲမှာ အသစ်ခေါ်ထားတဲ့ ရိုဒရီဂို၊ ရိုဘင်ကော့ချ်တို့ ပြိုင်ပွဲနဲ့ အသားမကျသေးတာကြောင့် ပင်နယ်တီတစ်ယောက်တစ်လုံး လှူခဲ့ရပေမယ့် ဒီနှစ်ယောက်က တကယ်တမ်းအထိုင်ကျလာရင် လိဒ်အသင်းကို ဆွဲတင်မယ့်ကစားသမားတွေဆိုတာ ပြောစရာမလိုလှဘူး။
နောက်လိဒ်မှာ အကြီးမားဆုံးအားသာချက်က နည်းပြ ဖြစ်လာမှာပါ။ နည်းပြကြီး ဘီယယ်ဆာရဲ့ ပွဲချဉ်းကပ်ပုံတွေကို မြင်လို့ရတယ်။
ဒီပွဲမှာ လိဒ်ခံစစ်ရဲ့ အားနည်းချက်တွေမြင်ရပေမယ့် ဘီယယ်ဆာဟာ အသင်းကြီးတွေကို ဘယ်လိုကစားသင့်လဲ၊ အသင်းငယ်တွေနဲ့ ဘယ်ပုံကစားရမလဲ ကောင်းကောင်းသိနေတာကြောင့် လျှော့တွက်ထားလို့မရတဲ့အသင်းအဖြစ် တေးမှတ်ထားရမှာပါ။
*ဒီစာမှာပါဝင်တဲ့ မှန်းဆသတ်မှတ်ချက်တွေက စာရေးသူရဲ့ တစ်ဦးတည်းအမြင်ဖြစ်ပြီး မတူညီမှုများရှိခဲ့ရင် လွတ်လပ်စွာ ကွဲလွဲနိုင်ပါကြောင်း . . .
မောင်ဖိုးကွန့်