အင်တာမီလန်တွင် ဆက်ရှိနေရန် မသေချာဟု ကွန်တီဖွင့်ဟ

အင်တာမီလန်နည်းပြအန်တိုနီယိုကွန်တီက လာမည့်ရာသီတွင် ဆန်စီရိုတွင် ဆက်ရှိနေရန် မသေချာကြောင်း ဖွင့်ဟပြောကြားလိုက်သည်။ ဂျူဗင်တပ်နှင့်ချဲလ်ဆီးနည်းပြဟောင်းသည် ယခုရာသီတွင် အင်တာမီလန်အား စီးရီးအေနှင့်ယူရိုပါလိဂ်တို့တွင် ဒုတိယသာရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူလည်းဖြစ်သည်။ ကွန်တီ၏အင်တာသည် မနေ့ညတုန်းက ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ဆီဗီလာကို ၃-၂ ဖြင့် ရှံးနိမ့်ခဲ့ပြီး ယင်းပွဲမှာ သူ၏အင်တာမီလန်နောက်ဆုံးပွဲလည်း ဖြစ်လာနိုင်သည်။

ကွန်တီက “လာမယ့်အပတ်မှာ ကလပ်နဲ့ တွေ့ဆုံသွားပါမယ်။ ပြီးရင် ကျွန်တော့် အနာဂတ်ကို ဆုံးဖြတ်ပါမယ်။ လာမယ့်ရာသီမှာ ကျွန်တော် အင်တာနည်းပြအဖြစ် ဆက်ရှိနေဖို့ မသေချာပါဘူး။ ကျွန်တော်တို့အတူ ဆုံးဖြတ်ချက်ချသွားကြပါမယ်။ အင်တာအနေနဲ့ ကျွန်တော် ပါဝင်ပြီးတော့ဖြစ်ဖြစ်၊ မပါဝင်ဘဲ ဖြစ်ဖြစ် အနာဂတ် အစီအစဉ်တွေ ရေးဆွဲသွားပါမယ်”ဟု Sky Sport Italia ပြောကြားသွားခဲ့သည်။

ကွန်တီသည် ပြီးခဲ့သည့် ၂၀၁၉-၂၀ စီးရီးအေရာသီသိမ်းပြီးနောက် ကလပ်မှတာဝန်သူများမှာ အသင်းအား ဝေဖန်တိုက်ခိုက်မှုပြုလုပ်နေသူများအား ကာကွယ်မှု မပြုလုပ်ပေးကြောင်း အံ့ဩဖွယ်ဝေဖန်ပြောဆိုမှု ပြုလုပ်ခဲ့သည်။ အင်တာမီလန်ဥက္ကဌစတီဗင်ဟောင်ကမူ ယခုရာသီ အင်တာမီလန်၏ဟန်ချက်မှာ များစွာ ကောင်းမွန်လာကြောင်းနှင့်လာမည့်ရာသီတွင် ပိုမိုကောင်းမွန်လာရေး ကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောကြားသွားသည်။

၎င်းက “သူနဲ့ သူ့နည်းပြအဖွဲ့ဝင်တွေ၊ ကစားသမားတွေနဲ့ ကလပ်က ဝန်ထမ်းတွေအားလုံး အကောင်းဆုံးလုပ်နေကြပါတယ်။ အခု ကစားသမားတွေနဲ့နည်းပြအဖွဲ့တွေ အနားယူဖို့ လိုပါတယ်။ ပြီးရင် အနာဂတ်အတွက် ကျွန်တော်တို့ စီစဉ်သွားပါတယ်။ လာမယ့်ရာသီမှာ ပိုကောင်းလာစေချင်ပါတယ်။ဒီရာသီဟန်ချက်က အရမ်းကောင်းပါတယ်။ ဒါကြောင့်လည်း ဗိုလ်လုပွဲသို့ တက်နိုင်ခဲ့တာပါ။ ကွင်းတွင်း/ကွင်းပြင် အကောင်းဆုံးလုပ်နိုင်ခဲ့ကြတာပါ။ ရှုံးခြင်း၊ နိုင်ခြင်းဆိုတာ ဘောလုံးရဲ့အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမယ့် ဗိုလ်လုပွဲသို့ တက်ရောက်မှုက ကျွန်တော်တို့အတွက် အနာဂတ်အစီအစဉ်အတွက် ပိုပြီး အကောင်းမြင်လာစေပါတယ်”ဟု ပြောကြားသွားသည်။

Ref: Sky Sport Italia

Facebook Comments Box
Facebook Comment