
အင်တာနေရှင်နယ် ကိုဗစ်နဲ့ နိုင်ငံတကာ ဘောလုံးရောဂါ
ထွန်းထွန်းဦး(လှိုင်)
ပရီးမီးယားလိဂ်ပြိုင်ပွဲတွေ တစ်ပတ်နားရမယ့် အလှည့်ရောက်ပြီ။ ဒီတစ်ပတ်က နိုင်ငံတကာပွဲတွေ ပြန်ဝင်လာမယ့် အပတ်ဖြစ်တယ်။
ဘာပဲပြောပြော အနားရကြတာပေါ့လေ။ ဒါပေမဲ့ အဲ့ဒီ နိုင်ငံတကာပွဲတွေမှာ စိတ်ခုစရာတွေလည်း အတူရောပါနေတယ်။
အခြားကြောင့် မဟုတ်ဘူး။ ခါတိုင်းဆိုရင် ပြောစရာမရှိပေမယ့် ကိုဗစ်ကာလမှာ ဖြစ်နေတာဆိုတော့ နိုင်ငံတကာပွဲတွေ သွားကစားပြီး ပြန်လာကြတဲ့အခါမှာ အိမ်ကွင်းပဲဖြစ်ဖြစ်၊ အဝေးကွင်းပဲဖြစ်ဖြစ် ကစားသမားတွေမှာ ရောဂါပိုး ကပ်ငြိလာမှာကို ပြည်သူ၊ပြည်သားတွေနဲ့ တာဝန်ရှိသူအချို့က စိုးရိမ်လာကြတဲ့အတွက်ပါပဲ။
အားလုံးမဟုတ်တာတောင် အသင်းတော်တော်များများနဲ့ နိုင်ငံအချို့မှာ ဒါကို ဖြေရှင်းဖို့အတွက် လုပ်လာကြတယ်။
အခြားနိုင်ငံတွေကလည်း မိမိနိုင်ငံဆီ လာကြမယ့်သူတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း ကွာရန်တင်း ဝင်ရမယ့်ကိစ္စတွေကို လုံးဝအလျှော့မပေးဘဲနဲ့ တင်းခံနေကြသလို ပေါ်လစီအမျိုးမျိုးနဲ့ ကူးစက်မှု ပပျောက်ရေးကို အလေးပေးနေချိန်မှာ ဘာကိုမှ အထူးခွင့်ခံအဖြစ် ခွင့်မပြုကြဘူး ဆိုတာလည်း ရှိနေကြတယ်။
အနီးဆုံး အင်္ဂလန်နဲ့ ဖင်လန်ကစားမယ့် ပွဲကိုပဲကြည့်။ ဖင်လန်က ဒိန်းမတ်နဲ့ ကစားပြီး ၃ ရက်အကြာမှာ အင်္ဂလန်နဲ့ ဝင်ဘလေမှာ နေးရှင်းလိဂ် ဆက်နွှဲဖို့ ရှိတယ်။
ဒါကို အင်္ဂလန်နိုင်ငံတွင်းဝင်ဖို့ ညှိနေကြတုန်းပဲ ရှိတယ်။ ဘာမှန်းမသိသေးဘူး။

ကွာရန်တင်းပေါ်လစီက လုံးဝကို တင်းကြပ်ထားတာဖြစ်လို့ အခုလာ၊ အခုကစားပြီး၊ အခုပြန်သွားလို့ ရတဲ့ကာလမဟုတ်တာကြောင့် စဉ်းစားစရာ စည်းကမ်းတွေအောက်မှာ ဘယ်လိုမျိုး ဖြတ်သန်းကြမလဲဆိုတာ သိချင်မိပြန်တယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ကိုဗစ်ကာလမှာ ကိစ္စပေါင်းများစွာက နေရာတိုင်းမှာ သူ့ဟာနဲ့သူ ရှိနေတုန်းပါပဲ။
ဘောလုံးနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကလပ်အသင်း နည်းပြတွေအနေနဲ့လည်း နိုင်ငံပွဲတွေမှာ သူတို့ကစားသမားတွေ ပါမသွားအောင် နည်းလမ်းအစုံသုံးပြီး ခါတိုင်းထက် ပိတ်ပင်ဖို့ ပြင်ဆင်နေကြတယ်။ ပေါ်တင်တစ်မျိုး၊ မသိအောင်တစ်မျိုး နည်းလမ်းအစုံ သုံးလာတယ်။
ဖြစ်နေကြဆိုပေမယ့် ဒီကာလမှာတော့ ဒီလိုကိစ္စတွေ ပိုပြီး ရှေ့ရောက်လာသလိုမျိုး ခံစားရတယ်။
အထူးသဖြင့် နိုင်ငံတကာပွဲတွေ ကစားပြီး ထိခိုက်ဒဏ်ရာရလာမှာကအစ ရောဂါကူးစက်လာရင် မလိုအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကလပ်အသင်းနဲ့ ကစားသမားတွေက ခံစားရတာဖြစ်လို့ မဖြစ်ခင် ကြိုတင်ကာကွယ်ကြတဲ့အထဲမှာ ထပ်ပြီးစဉ်းစားစရာ ဖြစ်လာရတယ်။
အလိုလိုနေရင်းမှာ ကူးစက်မှုတွေက တစ်ပတ်တစ်မျိုး၊ တစ်နေ့တစ်ခါ မရိုးရလေအောင် ဖြစ်နေတာကြောင့် ကလပ်အသင်းတွေ ခေါင်းစားနေရတဲ့အချိန်မှာ နိုင်ငံပွဲတွေ ဝင်လာတာက ကလပ်နည်းပြတွေအတွက် ခေါင်းပိုကိုက်စေတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုကိစ္စ ဖြစ်ပြီးနောက်ပိုင်းမှာ အဲ့ဒါတွေက အစွဲတွေလိုမျိုး ဖြစ်လာစေတယ်။ နိုင်ငံပွဲတွေ သွားကစားနေစဉ်မှာ ရော်နယ်ဒိုတစ်ယောက် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံလာရတာကြောင့် ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကိုကြည့်ပြီး အဲ့ဒီလိုမျိုး မဖြစ်ရစေဖို့ ပြင်ဆင်နေကြတာ တွေ့လာကြရမှာဖြစ်တယ်။
အခုတော့ ကလပ်အသင်းတွေဟာ သူတို့ကစားသမားတွေကို နည်းပေါင်းစုံသုံးပြီး တားနိုင်သလောက်တော့ တားနေကြတယ်။

အထူးသဖြင့် ကလပ်တွေမှာ တစ်ပတ်ကို ၃ ပွဲနီးပါး နွှဲနေရတဲ့ အချိန်မျိုးဖြစ်နေတာကြောင့် ကြံ့ခိုင်မှု မကျအောင် ကစားသမားတွေအပေါ် စနစ်တကျ ထိန်းသိမ်းပြင်ဆင်နေရချိန်မှာ နိုင်ငံတကာပွဲတွေကပါ ဝင်ခုလာတဲ့အတွက်ကြောင့် နားရက်နည်းပါးတဲ့ကာလကို ဖြတ်ကျော်ဖို့ဟာ ဒဏ်ရာ အကြောင်းပြဖို့သာ ရှိပါတယ်။
ကောင်းတာတော့ မကောင်းဘူးဆိုပေမယ့် ဒီလိုအနေအထားမှာ ဒဏ်ရာကို သက်သေပြချက်ကောင်းပေးပြီး တရားဝင် နိုင်ငံတကာပြိုင်ပွဲတွေက နုတ်ထွက်တာ အကောင်းဆုံးဖြစ်နေတယ်။
ဒီတော့ ပရိသတ်တွေကပါ စိတ်ပါဝင်စားမှု ကျဆင်းနေတဲ့ နိုင်ငံတကာပြိုင်ပွဲတွေရဲ့ ခရီးဆက်မှုဟာ ကိုဗစ်ကာလမှာ အရာရောက်မှု ရှိပါ့မလား။
ဒါပေမဲ့ လမ်းစဉ်က ရှိနေနှင့်ပြီးသားဆိုတော့ ခေါင်းစဉ်အမျိုးမျိုးအောက်မှာ နိုင်ငံတကာပွဲတွေကတော့ ဆက်လက်ရှင်သန် ဖြတ်သန်းနေကြရဦးမှာပါပဲ။

ကလပ်အသင်းတွေအဖို့လည်း နိုင်ငံတကာပွဲတွေမှာ ရွေးချယ်ခံကြရတဲ့ မိမိတို့ ကစားသမားတွေနဲ့ပတ်သက်ပြီး ရောဂါနဲ့ ဒဏ်ရာကင်းစင်စေဖို့ နိုင်ငံနည်းပြတွေနဲ့ ဆွေးနွေးတိုင်ပင်ကာ အချိန်နဲ့ အလှည့်ကျသုံးပေးဖို့ ကိစ္စတွေကိုပါ ညှိနေကြရပါပြီ။
ဘယ်လိုပဲဖြစ်ဖြစ် နားလည်မှုယူပြီး ဒီကာလကို ခရီးဆက်နေရချိန်မှာ အကောင်းဆုံးတွေ ဖြစ်လာစေဖို့ မျှော်ဖြစ်တယ်ဆိုတာပါပဲ။
ဒီတစ်ပတ်မှာတော့ ကိုဗစ်ကူးစက်ခံထားရတဲ့ ဘောလုံးသမားတွေထဲမှာ ဟာဇက်တို့၊ ကတ်စမဲရိုးတို့၊ ချယ်လ်ဆီးက ဟာဗက်ဇ်တို့ မပါနိုင်ကြပါဘူး။ သီးခြားခွဲနေပြီး ကုသမှုအသီးသီး ခံနေကြရတယ်။
တားမြစ်ဆေးဝါး စစ်သလိုမျိုး ကိုဗစ်- 19 စစ်ဆေးမှုကလည်း အားကစားလောကထဲမှာ သိပ်အရေးကြီးနေခဲ့တာ ကြာပေါ့။ ပြိုင်ပွဲတစ်ခုမစတင်ခင် စစ်ဆေးတယ်၊ အားလုံးကင်းရှင်းတယ်၊ ဒါပေမဲ့ နောက်တစ်ပွဲကစားဖို့ ထပ်စစ်တယ်၊ ပိုးတွေ့တယ်။
ဘယ်ကကူးစက်မှန်း မသိရတဲ့အတွက်ကြောင့် အားလုံးဟာ သတိကို မပြတ်စတမ်း စစ်ဆေးမှုတွေကို တင်းကြပ်စွာ လုပ်နေတဲ့ကြားက အားကစားပြိုင်ပွဲတွေမှာ ကူးစက်မှုတွေ ရှိနေတာဟာ အခုအချိန်မှာ လန့်စရာဆိုပေမယ့် ကိုဗစ်နဲ့ အသားကျသွားချိန်မှာ ဒီကိစ္စကလည်း သမားရိုးကျ ဇာတ်လမ်းတစ်ခုလိုမျိုး၊ အနားရဖွယ် ကိစ္စတစ်ခုလိုမျိုး နောင်တစ်ချိန်မှာ ဖြစ်လာနိုင်ပါတယ်။
ကာကွယ်ဆေးကလည်း အခုရက်ပိုင်းမှာ ဖွေရှာစမ်းသပ်မှု အဆင်ပြေနေပြီဆိုတော့ အားကစားလောကထဲမှာ ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်မှု အဆင့်မြှင့်နိုင်ဖို့ မျှော်လင့်မိတယ်။
အဲ့ဒါအပြင် ဒဏ်ရာကိစ္စကလည်း နိုင်ငံတကာပွဲတွေ နီးလာရင် အမြဲတမ်း ကပ်ပြီးပါလာတတ်တဲ့ ဇာတ်လမ်းဖြစ်နေတော့ အဲ့ဒါကိုလည်း ထည့်ပြောဖြစ်တယ်။
ဟုတ်ပါတယ်။ နာမည်ကျော် ဘောလုံးသမားကြီးဖြစ်တဲ့ ရော်နယ်ဒိုတစ်ယောက် လာဇီယိုနဲ့ပွဲအပြီးမှာ ဒဏ်ရာရခဲ့တာကြောင့် နိုင်ငံတကာပွဲတွေကို ပေါ်တူဂီနဲ့ နွှဲဖို့ အဆင်သင့် ပြန်မဖြစ်နိုင်ဘဲ နားရမှာဖြစ်တယ်ဆိုပြီး ဂျူဗင်တပ်စ်နည်းပြချုပ် ပီယာလိုကိုယ်တိုင် အရေးပေါ် သတင်း ထုတ်ပြန်ပေးခဲ့တယ်။
ပြီ်းတော့ ဘာကာမှာဆိုရင် ဖာတီ၊ သူကလည်း ဒူးထိပြီး ခွဲထားရလို့ ၄ လလောက်နားရမယ်။ နောက်ပြီး ရီးယဲလ်မှာဆိုရင် ဗယ်လ်ဗာဒီလည်း ခြေထောက်ကျိုးထားလို့ နိုင်ငံတကာပွဲတွေ လွဲဖို့ရှိနေတယ်။

လီဗာပူးမှာဆိုရင်လည်း အင်္ဂလန်အတွက် အားထားရတဲ့ ညာတောင်ပံ ခံစစ်သမား အလက်ဇန်းဒါးအာနိုးလည်း ခြေသလုံးကြွက်သားဒဏ်ရာ ထိသွားလို့ နိုင်ငံတကာပွဲတွေကို အင်္ဂလန်နဲ့နွှဲဖို့ လွဲချော်ခဲ့ရပြီဖြစ်ကြောင်း သိရပါတယ်။
ဒါတင်မကသေးပါဘူး။ အခြားလိဂ်တွေမှာ၊ အခြား ဘောလုံးကလပ်တွေမှာလည်း ဒီလိုမျိုး ပွဲကစားရင်း ထိခိုက်ဒဏ်ရာတွေရပြီး နိုင်ငံတကာပွဲတွေနဲ့ လွဲနေခဲ့တဲ့သူတွေ ရှိနေတုန်းပါပဲ။
အရေးကြီးတဲ့ ပြည်တွင်းလိဂ်တွေ ဆင်နွှဲနေချိန်မှာ နိုင်ငံတကာပွဲတွေ ဝင်လာတာဟာ ကလပ်အသင်းကြီးတွေအတွက် သောကပိစရာ ဖြစ်ရပေမယ့် အသင်းငယ်တွေအတွက်တော့ အနားကောင်းရတဲ့ အချိန်အခါပါ။
ပရီးမီးယားလိဂ်မှာ လက်စတာ ဦးဆောင်နေတယ်။ လက်ရှိချန်ပီယံ လီဗာပူးက အဆင့် ၃ မှာ ရှိနေတယ်။ လီဗာပူးမှာ နိုင်ငံတကာအတွက် စေလွှတ်လိုက်ရတဲ့သူတွေက ပွဲထွက် ၁၁ ယောက်နီးပါး မကဘူး။
နဂိုတည်းကမှာ အသင်းမှာ ဗန်ဒိုက်တို့၊ ဖာဘင်ညိုတို့လို အဓိကကျတဲ့ ကစားသမားတွေ ဒဏ်ရာကြောင့် ကွင်းဘေးထွက်ထိုင်နေရတာ အချိန်ကြာနေတယ်ဆိုကာမှ အာနိုးက ထပ်နာပြီး ဂျိုးဂိုမက်ဇ်၊ ဟန်ဒါဆန်တို့က နိုင်ငံတကာပွဲတွေနွှဲဖို့ ပါသွားကြတာဖြစ်လို့ လီဗာပူးနည်းပြချုပ် ကလော့ပ် အဖို့တော့ အိမ်ပြန်လာမယ့် ကစားသမားတွေ ဒဏ်ရာကင်းဖို့သာ ဆုတောင်းဖြစ်မယ် ထင်တယ်။
ဒါ့အပြင် သူ့လိုမျိုး မိမိကစားသမားတွေ ဒဏ်ရာကင်းကင်းနဲ့ အိမ်ကိုပြန်လာဖို့ ဆုတောင်းနေမယ့် ကလပ်နည်းပြတွေ ဘယ်လောက်တောင် ရှိမလဲ။
ချယ်လ်ဆီး၊ စပါး၊ မန်ယူနိုက်တက်နဲ့ မန်စီးတီးတို့လို အသင်းတွေကလည်း ကစားသမားတွေ ၃ ယောက်၊ ၄ ယောက်စီလောက် ပါနေတာကြောင့် နိုင်ငံတကာပွဲတွေ ကစားပြီးရင် ကလပ်ပြိုင်ပွဲတွေ အလှည့်ပြန်ရောက်လာတဲ့အခါမှာ ပွဲပန်း၊ဒဏ်ရာရကစားသမားတွေကြောင့် ဘယ်လိုမျိုး ဆူညံပွက်လောက်ရိုက်သံတွေကို ကလပ်နည်းပြတွေဆီက ထပ်ကြားရမလဲဆိုတာ ကြည့်ကြသေးတာပေါ့ခင်ဗျာ။