အင်တာကို ရှုံးလျှင်လည်း အနာဂတ်ကို စဉ်းစားမည်မဟုတ်ဟု ဇီဒန်း ဖွင့်ဟ

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ယနေ့ညကစားမည့် ချန်ပီယံလိဂ်ပွဲတွင် အင်တာမီလန်ကို ရှုံးနိမ့်ခဲ့လျှင်လည်း မိမိ၏ အနာဂတ်နှင့်ပတ်သက်၍ စဉ်းစားနေမည်မဟုတ်ကြောင်း ပြောသည်။

လာလီဂါချန်ပီယံ ရီးရဲလ်သည် အိမ်ကွင်းတွင် ကာဒစ်ဇ်နှင့် ရှက်တာဒိုးနက်တို့အား ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် ဇီဒန်းမှာ ဖိအားများအောက် ကျရောက်ခဲ့ပြီး ထုတ်ပယ်ခံရဖွယ်အထိ ဖြစ်ခဲ့သည်။

သို့သော်လည်း ဘာနေဗျူး အခြေစိုက်ကလပ်သည် အယ်လ်ကလက်စီကိုတွင် ခါးသီးပြိုင်ဘက် ဘာစီလိုနာကို အဝေးကွင်းတွင် ၃-၁ ဂိုးဖြင့် အနိုင်ရသောပွဲ အပါအဝင် နောက်ဆုံး ၃ ပွဲဆက် ရှုံးပွဲမရှိဘဲ ၂ ပွဲနိုင်၊ ၁ ပွဲသရေကစားကာ လမ်းကြောင်းမှန်ပေါ် ပြန်လည် တက်ရောက်လာသည်။

ရီးရဲလ်သည် ယနေ့ည အင်တာအား ဧည့်ခံကစားမည့်ပွဲတွင် အနိုင်ရမှသာ ရှုံးပွဲမရှိ ရလဒ်ကောင်း ဆက်လက်တည်မြဲမည် ဖြစ်သလို ဇီဒန်းအတွက်လည်း အသက်ရှူချောင်နိုင်မည် ဖြစ်သည်။

ချန်ပီယံလိဂ်ဖလားကို ၁၃ ကြိမ်ရယူကာ ဥရောပ အအောင်မြင်ဆုံး အသင်းအဖြစ် စံချိန်တင်ထားသော ရီးရဲလ်သည် ယခုရာသီ ချန်ပီယံလိဂ် အုပ်စုအဖွင့် ၂ ပွဲတွင် နိုင်ပွဲမရသေးဘဲ ရမှတ် ၁ မှတ်သာ ရယူထားသောကြောင့် အင်တာနှင့်ပွဲက ဗိုလ်လုပွဲလို မဖြစ်မနေ အနိုင်ကစားရမည့်ပွဲဟု ဇီဒန်းက ကြုံး ဝါးသည်။

နည်းပြဘဝ ရီးရဲလ်နှင့် ချန်ပီယံလိဂ်ဖလား ၃ လုံး ရယူထားသော အသက် ၄၈ နှစ်အရွယ် ဇီဒန်းက “ကျွန်တော့် နည်းပြတာဝန်နဲ့ ပတ်သက်ပြီး ဘာမှမတွေးထားဘူး။ ကျွန်တော်တွေးထားတာက အင်တာမီလန်နဲ့ ကစားရမယ့်ပွဲအ ကြောင်းပဲ။ ချန်ပီယံလိဂ် ကစားရမှာက ကံကောင်းတာပဲ ဖြစ်ပါတယ်။

ကျန်တဲ့အရာတွေက မလွှဲမရှောင်သာ ဖြစ်တတ်တဲ့ သဘောသဘာဝပဲ။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်နိုင်တာကတော့ အင်တာမီလန်နဲ့ ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားဖို့ပါပဲ” ဟု ပြောသည်။

Ref:Marca

Facebook Comments Box
Facebook Comment