အဂူရို ၂ လအထိ နားရနိုင်သေးကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာဖွင့်ဟ

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက တိုက်စစ်မှူးဆာဂျီယိုအဂူရိုမှာ ပရီးမီးယားလိဂ်ပထမနှစ်လအား လွဲချော်ရနိုင်သည့် အခြေအနေတွင် ရှိနေကြောင်း ပြောကြားလိုက်သည်။

အဂူရိုသည် ဇွန်လ ၂၂ ရက်နေ့တုန်းက  ဘန်လေနှင့်ပွဲစဉ်တွင် ဒူးဒဏ်ရာအပြင်းအထန် ရရှိခဲ့သူ ဖြစ်သည်။ အာဂျင်တီးနားတိုက်စစ်မှူးသည် ဒူးဒဏ်ရာကြောင့် မန်စီးတီး၏ပြည်တွင်းပွဲ ၁၀ ပွဲနှင့် ချန်ပီယံလိဂ်ဖလားပွဲ ၂ ပွဲကို လွဲချော်ခဲ့သည်။

ဂွါဒီယိုလာက အသက် ၃၂ နှစ်ရှိ တိုက်စစ်မှူးမှာ နိုဝင်ဘာလအထိ ကြံ့ခိုင်မှုပြည့်ဝရန် မသေမချာ ဖြစ်နေကြောင်း ပြောကြားသွားသည်။

ဂွါဒီယိုလာက “ဒီဒဏ်ရာက ပြန်ကောင်းဖို့ အရမ်းခက်ခဲတယ်ဆိုတာ အစကတည်းက သိထားပြီးသားပါ။ သူဟာ ကျွန်တော်တို့နဲ့ လေ့ကျင့်ခန်းအတူ တစ်ကြိမ်တောင် မလုပ်နိုင်သေးပါဘူး။ ဆာဂျီယိုက ပုံမှန်အခြေအနေသို့ အမြန်ဆုံး ပြန်ရောက်လေ့ရှိတဲ့သူလည်း မဟုတ်ပါဘူး။ သူ အကြာကြီးနားရပါမယ်။ နောက် တစ်လ(သို့မဟုတ်)နှစ်လလောက်မှ အဆင်သင့် ဖြစ်နေဖို့ ရှိပါတယ်”ဟု ပြောကြားသွားသည်။

မန်စီးတီးသည် လာမည့် တနင်္လာနေ့ ဝုဗ်နှင့်ပွဲစဉ်တွင် ဖာရန်တောရက်စ်ကို ဂျီးဆပ်စ်၊ စတာလင်းတို့နှင့် တွဲကာ တိုက်စစ်တွင် ပွဲထုတ်လာဖွယ်ရှိသည်။

Facebook Comments Box
Facebook Comment