အခွင့်အရေး မပေးသည့် ရီးရဲလ်ကို ဂျိမ်းစ်ရိုဒရီဂွက်ဇ် ဝေဖန်

ဂျိမ်းစ်ရိုဒရီဂွက်ဇ်သည် ပုံမှန်ကစားခွင့်ရရှိရန် အတွက် အသင်းပြောင်းလိုခဲ့သော်လည်း ပြောင်းခွင့် မပေးခဲ့သည့်အပြင် အသင်းတွင်လည်း နေရာမပေးသည့် ရီးရဲလ်မက်ဒရစ်အား အပြင်းအထန် ဝေဖန်ပြောကြားလိုက်သည်။


ကိုလံဘီယာလက်ရွေးစင်သည် ဘိုင်ယန်မြူးနစ်တွင် နှစ်ရာသီအငှားဖြင့် ကစားပြီးနောက် ပြီးခဲ့တဲ့နွေရာသီတွင် ဘာနေဗျူးသို့ ပြန်ရောက်လာခဲ့သူဖြစ်သည်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်သည် ၂၀၁၉-၂၀ ရာသီ ပထမရာသီဝက်တွင် ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်ခဲ့ရသော်လည်း အောက်တိုဘာလအထိ ကိုးပွဲကစားခွင့်ရရှိခဲ့သည်။ သို့ရာတွင် ၎င်းသည် ယင်းနောက်ပိုင်းတွင် နေရာပျောက်ဆုံးလာခဲ့ပြီး ၅ ပွဲတည်းသာ ကစားခွင့်ရခဲ့သည်။ သူသည် ယခုနွေရာသီတွင် ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာရန် ရှိနေသည်။

ရိုဒရီဂွက်ဇ်က‘‘ကစားခွင့်မရတာစိတ်ပျက်ရတယ်။ကစားနိုင်တဲ့ကြံ့ခိုင်မှုရှိပါတယ်။တကယ်လို့ ကျွန်တော်က ဆိုးရွားတဲ့ ကစားသမားတစ်ဦး ကစားခွင့်မပေးဘူးဆိုရင်တော့ လက်ခံလို့ ရသေးတယ်။ ကျွန်တော်က အနိုင်လိုချင်ပြီး အမြဲပွဲကစားချင်တဲ့ သူတစ်ဦးပါ”လို့ Marca သို့ ပြောကြားသွားသည်။

ရိုဒီရဂွက်ဇ်သည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက် ယင်းနွေရာသီတွင် မိုနာကိုမှ ရီးရဲလ်မက်ဒရစ်သို့ ပေါင် ၆၇ သန်းဖြင့် ပြောင်းခွင့်ရခဲ့သူဖြစ်သည်။ သူသည် ရီးရဲလ်မက်ဒရစ်သို့ စတင်ရောက်သည့် အစောပိုင်း ရာသီများတွင် ပထမအသင်းတွင် ပုံမှန် ကစားခွင့်ရခဲ့သော်လည်း ဇီဒန်း ရောက်လာချိန်တွင် အခွင့်အရေးမရတော့ဘဲ ဘိုင်ယန်မြူးနစ်သို့ ၂ နှစ် အငှားချခြင်းခံခဲ့ရသည်။

သူသည် ဂျာမနီမှ ပြန်ရောက်လာပြီးနောက် ရီးရဲလ်မက်ဒရစ်တွင် ပုံမှန်ကစားခွင့်ရရှိရန် မျှော်လင့်ခဲ့သော်လည်း မျှော်မှန်းသလို ဖြစ်လာခဲ့ချေ။

ဆက်လက်ပြီး ၎င်းက‘‘ကစားဖော်တွေလို အခွင့်အရေးမရတာ မြင်ရတော့ စိတ်ပျက်ရပါတယ်။ ကျွန်တော် ထွက်ခွာချင်ခဲ့တယ်။ ကလပ်က ပေးမထွက်ပါဘူး”ဟု ပြောကြားခဲ့သည်။

အသက် ၂၉ နှစ်ရှိ ရိုဒရီဂွက်ဇ်ရဲ့ စာချုပ်မှာ တစ်နှစ်သာ ကျန်တော့ရာ ရီးရဲလ်မက်ဒရစ်အနေဖြင့် ယခုနွေရာသီတွင် ရောင်းချသွားရန် ရှိနေသည်။

လက်ရှိအချိန်တွင် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူရန် လန်ဒန်အခြေစိုက်ကလပ်များဖြစ်ကြသည့် ချဲလ်ဆီး၊ အာဆင်နယ်၊ စပါးစ်တို့က စိတ်ဝင်စားနေသည်။

Ref: Mirror

Facebook Comments Box
Facebook Comment