အချိန်တိုအတွင်း ဆွာရက်ဇ် နိုင်ငံသားဖြစ်သွားမှုအပေါ် အီတလီရဲတပ်ဖွဲ့စစ်ဆေးမည်

အီတလီရဲတပ်ဖွဲ့သည် ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်၏ အီတလီနိုင်ငံသားဖြစ်မှုအပေါ် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ကြေညာသည်။

အသက် ၃၃ နှစ်အရွယ် ဆွာရက်ဇ်သည် စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ရန်အတွက် စက်တင်ဘာ ၁၇ ရက်က ပီရူဂျီယာသို့လာရောက်ကာ အီတလီပတ်စ်ပို့ရရှိရန် အီတလီဘာသာစကား စာမေးပွဲ ဖြေဆိုခဲ့သည်။

ဆွာရက်ဇ်၏ဇနီး ဆိုဖီယာဘက်မှ မိဘဘိုးဘွားများသည် အီတလီအနွယ်များဖြစ်သောကြောင့် ဘာစီလိုနာတိုက်စစ်မှူးက B1 ဟု ခေါ်သည့် အီတလီဘာသာ အရေး၊ အဖတ်၊ အပြော၊ အကြားစွမ်းရည် စစ်ဆေးခြင်း ခံယူခဲ့သည်။

ပီရူဂျီယာတက္ကသိုလ်မှာ အီတလီနိုင်ငံသား ခံယူခွင့်လျှောက်ထားသော နိုင်ငံခြားသားများကို ဘာသာစကားစစ်ဆေးသော နေရာဖြစ်ပြီး ဆွာရက်ဇ်သည် B1 အဆင့်ကို နာရီ ပိုင်းအတွင်း အောင်မြင်ခဲ့သည်။

ထို့နောက် ရက်ပိုင်းအကြာမှာပင် အီတလီနိုင်ငံသားဖြစ်ခွင့် ရရှိသွားခဲ့ရာ အီတလီရဲတပ်ဖွဲ့က အချိန်တိုအတွင်း နိုင်ငံသားဖြစ်ခွင့် ရရှိသွားမှုအပေါ် သင်္ကာမကင်းဖြစ်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

ပုံမှန်ဆိုလျှင် နိုင်ငံခြားသားတစ်ဦး အနေဖြင့် အီတလီနိုင်ငံသားဖြစ်ခွင့် လျှောက်ထားရာတွင် ၂ နှစ်မှ ၄ နှစ်အတွင်း ကြာမြင့်သော်လည်း ဆွာရက်ဇ်ကမူ တစ်ပတ်အတွင်း ရရှိသွားသောကြောင့် အီတလီပြည်သူများနှင့် ၎င်းလို လျှောက်ထားသော အခြားသူများက ဝေဖန်လျက်ရှိသည်။

အီတလီရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုအရ ဆွာရက်ဇ်သည် အီတလီဘာသာစစ်ဆေးမှုအတွက် ဖြေဆိုရမည့်မေးခွန်းများကို ကြိုတင်ရရှိထားသည်ဟု သိရသည်။

ဆွာရက်ဇ်သည် တစ်နှစ်လျှင် ယူရို ၁၀ သန်းရရှိသော ဘောလုံးသမား ဖြစ်နေသောကြောင့် အီတလီပတ်စ်ပို့ကို အလွယ်တကူ ရရှိခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်နေကြပြီး ယခုအခါ ၎င်းသည် အက်သလက်တီကိုသို့ ပြောင်းရွှေ့ဖွယ်ရှိနေသည်။

Ref:AS

Facebook Comments Box
Facebook Comment