
အက်သလက်တီကို နောက်ခံလူ ဂျီမီနက်ဇ် ကိုဗစ်ကူးစက်ခံရ
လာလီဂါပြိုင်ပွဲ စတင်နေပြီဖြစ်သော်လည်း တစ်ပွဲမှ မကစားရသေးသော အက်သလက်တီကို အသင်းအတွက် ထိုးနှက်ချက်တစ်ရပ်အဖြစ် နောက်ခံလူ ဟိုဆေးဂျီမီနက်ဇ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စပိန်မီဒီယာများက ဖော်ပြသည်။
အက်သလက်တီကိုသည် ယမန်နှစ်ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲကို နောက်ကျကစားထားရ၍ ရာသီအစပွဲများအား နောက်ကျကစားခွင့်ရထားပြီး စက်တင်ဘာ ၂၇ ရက်မှသာ ဂရန်နာဒါနှင့် လာလီဂါ အိမ်ကွင်းပွဲစဉ် စတင်ကစားရမည်ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်သည် အက်သလက်တီကို အသင်းအား အခက်တွေ့စေလျက်ရှိပြီး နည်းပြဆီမြွန်နီ အပါအဝင် ရီနန်လိုဒီ၊ ကော်ရီယာ၊ ဗာဆယ်ကို၊ ဒီယေဂိုကော်စတာ၊ အာရီရက်စ်စသည့် နာ မည်ကျော် ကစားသမားများလည်း ယခုလပိုင်းအတွင်း ကူးစက်ခံထားရသည်။
ယခုအခါ မက်ဒရစ်အခြေစိုက် ကလပ်၏ နောက်ဆုံးကူးစက်ခံရသူအဖြစ် ဥရုဂွေးလက်ရွေးစင် ဂျီမီနက်ဇ်က စာရင်းဝင်သွားခဲ့ပြီး မည်သို့မည်ပုံ ကူးစက်ခံရသည်ဆိုသည်အား ရှင်းရှင်းလင်းလင်း မသိရသေးပေ။
အသက် ၂၅ နှစ်အရွယ် ဂျီမီနက်ဇ်သည် ကလပ်၏ ပုံမှန်စစ်ဆေးမှုအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည်ကို တွေ့ရှိရသောကြောင့် ယနေ့နံနက်က ပြုလုပ်သည့် လေ့ကျင့်ရေးအစီအစဉ်သို့ ပူးပေါင်းနိုင်ခြင်းမရှိပေ။
အက်သလက်တီကို၏ တတိယကပ္ပတိန်ဖြစ်သူ ဂျီမီနက်ဇ်သည် ယခုအခါ စပိန်နိုင်ငံ၊ လာလီဂါအဖွဲ့ချုပ်တို့၏ စည်းမျဉ်းများအတိုင်း နေအိမ်တွင် တစ်ဦးတည်း သီးသန့်နေထိုင်လျက်ရှိပြီး အမြန်ဆုံး ပြန်လည်သက်သာလာရန် ပရိသတ်များက ဆုတောင်းပေးလျက်ရှိသည်။
Ref:footballespana