
အက်သလက်တီကိုနည်းပြ ဆီမြွန်နီ ကိုဗစ်ကူးစက်ခံထားရ၍ သီးသန့်နေထိုင်နေရ
လာလီဂါထိပ်သီးကလပ် အက်သလက်တီကိုသည် စက်တင်ဘာ ၁၂ ရက်က လေ့ကျင့်မှုများ ပြုလုပ်ခဲ့သော်လည်း နည်းပြဆီမြွန်နီကိုယ်တိုင် ကြီးကြပ်နိုင်ခြင်းမရှိဘဲ ကြံ့ခိုင်ရေးနည်းပြ အော်တေဂါကသာ အသင်း၏လေ့ကျင့်မှုကို ဦးဆောင်ပြုလုပ်ခဲ့သည်။
စပိန်မီဒီယာများက အသက် ၅၀ အရွယ် အာဂျင်တီးနားနိုင်ငံသား ဆီမြွန်နီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသောကြောင့် အက်သလက်တီကို၏ လေ့ကျင့်ရေးကွင်းသို့ လာရောက်နိုင်ခြင်း မရှိဘဲ ၎င်း၏လက်ထောက်များက လေ့ကျင့်မှုအစီအစဉ်ကို ချမှတ်ပေးခဲ့ရသည်။
ယမန်နှစ်က လာလီဂါတွင် အဆင့် ၃ ရခဲ့သော မက်ဒရစ်အခြေစိုက် အက်သလက်တီကိုသည် ရာသီကြိုလေ့ကျင့်မှုကို ဆန်ရာဖေးလ်မြို့တွင် ပြုလုပ်ခဲ့သော်လည်း ကစားသမားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသောကြောင့် လေ့ကျင့်မှုအား စီစဉ်ထားသည်ထက် စောကာ ဖျက်သိမ်းခဲ့ရသည်။
စက်တင်ဘာ ၁၁ ရက်က နည်းပြအပါအဝင် အသင်းမှ တာဝန်ရှိသူအားလုံးကို ဗိုင်းရပ်စ်ရှိ၊ မရှိ စစ်ဆေးခဲ့ပြီး စက်တင်ဘာ ၁၂ ရက်တွင် ရရှိလာသော အဖြေအရ ဆီမြွန်နီတွင် ဗိုင်းရပ်စ်ပိုးရှိနေကြောင်း တွေ့ရှိခဲ့သည်။
ဆီမြွန်နီ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အက်သလက်တီကိုက အတည်ပြုကြေညာခဲ့ပြီး လက်ရှိတွင် ၎င်းမှာ တစ်ဦးတည်း သီးသန့်နေထိုင်နေရပြီဖြစ်သည်။
ဆီမြွန်နီသည် ၎င်း၏ကလပ်ဟောင်း အက်သလက်တီကိုအသင်းအား ၂၀၁၁ ခုနှစ်မှ စတင်ကိုင် တွယ်ခဲ့ပြီး လာလီဂါ၊ စပိန်ဘုရင့်ဖလား၊ စပိန်စူပါဖလား ၁ ကြိမ်စီ၊ ယူရိုပါလိဂ်နှင့် ဥရောပစူပါဖလားတို့ကို ၂ ကြိမ်စီရယူထားသလို ချန်ပီယံလိဂ်တွင်လည်း ဗိုလ်လုပွဲသို့ ၂ ကြိမ် တက်နိုင်စေရန် စွမ်းဆောင်ပေးထားသည်။
အက်သလက်တီကိုသည် ၂၀၂၀-၂၀၂၁ ရာသီအတွက် ပထမဆုံးသော ပြိုင်ပွဲအသွင်ပွဲစဉ်အဖြစ် လာမည့် စက်တင်ဘာ ၂၇ ရက်တွင် ဂရန်နာဒါအား ဧည့်ခံကစားရမည်ဖြစ်သည်။
Ref:Marca