ဟော်ဖန်ဟိမ်းနည်းပြဟိုးနက်စ်၏နည်းဗျူဟာကို ဘိုင်ယန်နည်းပြချီးကျူး

ဘိုင်ယန်မြူးနစ်နည်းပြဟာဆီဖလစ်သည် ၎င်းတို့အား ဒီဇင်ဘာလ နောက်ပိုင်း ပထမဆုံး ရှုံးပွဲ ကြုံတွေ့ရအောင် စွမ်းဆောင်ခဲ့သည့် ဟော်ဖန်ဟိမ်းနည်းပြဆီဘာစတီယန်ဟိုးနက်စ်၏နည်းဗျူဟာပိုင်းအကြံအစည်ကို ချီးကျူးလိုက်သည်။

ကြားရက်တုန်းက ဆီဗီလာကို အချိန်ပိုသွင်းဂိုးဖြင့် အနိုင်ရယူကာ ဥရောပစူပါဖလားကို ပူပူနွေးနွေး ရယူထားသည့် ဘိုင်ယန်မြူးနစ်သည် တနင်္ဂနွေနေ့က ဟော်ဖန်ဟိမ်းနှင့် ပွဲစဉ်တွင် ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ယင်းပွဲတွင် ဘိုင်ယန်မြူးနစ်နည်းပြဖလစ်သည် လီဝန်ဒေါ့စကီးအား အရန်ခုံတွင် ထိုင်နေစေခဲ့ပြီး ဂျိုရှာဇာဇီးအား အသုံးပြုခဲ့သည်။

သို့ရာတွင် ဘိုင်ယန်မြူးနစ်သည် လီဝန်ဒေါ့စကီးအား ပွဲထွက် အဖြစ် အသုံးပြုပါကလည်း ဟော်ဖန်ဟိမ်းကို အသာစီး ရရှိရန် အလွန် ခက်ခဲနေရန် သေချာနေသည်။ ဟော်ဖန်ဟိမ်းသည် ယင်းပွဲတွင် အနိုင်ရလိုစိတ် အပြည့်ဖြင့် ကစားခဲ့သလို တိုက်စစ်ကစားပုံမှာလည်း အလွန်ကောင်းမွန်ခဲ့ကာ ၄-၁ ဂိုးဖြင့် အနိုင်ရယူခဲ့ခြင်း ဖြစ်သည်။ လီဝန်ဒေါ့စကီးသည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်းတွင် ပထမဆုံးအကြိမ် အဖြစ် ကြံ့ခိုင်မှု ပြည့်ဝနေချိန်တွင် အရန်ခုံ၌ ထိုင်နေခဲ့ရခြင်း ဖြစ်သည်။  

ဘိုင်ယန်မြူးနစ်သည် ဟော်ဖန်ဟိမ်းအရှုံးကြောင့် ပြိုင်ပွဲအရပ်ရပ်တွင် ၃၂ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းမှာလည်း ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။

ဟိုးနက်စ်သည် ဘိုင်ယန်မြူးနစ်တွင် လူငယ်အသင်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။ သူ၏ဦးလေးဖြစ်သူ အူလီဟိုးနက်စ်မှာ ဘိုင်ယန်တွင် ကစားခဲ့သည့်အပြင် ဥက္ကဌအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။

ဖလစ်က “ဒီပွဲရှုံးရတဲ့ အကြောင်းပြချက်တွေ အများကြီး ရှိပါတယ်။ အဓိကကတော့ သူတို့ (ဟော်ဖန်ဟိမ်း)ရဲ့ပြင်ဆင်မှုနဲ့ အနိုင်ရလိုစိတ်ပြင်းထန်ပြီးအဆုတ်မနစ်ကြိးစားမှုကြောင့်ပါ။ အသင်းကို ကျွန်တော် ဘာမှ အပြစ်မတင်ချင်ပါဘူး။ သူတို့ဟာ ကြီးကျယ်တဲ့ ကြာသပတေးညတုန်းက မိနစ် ၁၂၀ အထိ ကစားရပြီးနောက် စိတ်ဓာတ်ပိုင်း အကောင်းဆုံးအနေအထားမှာ ရှိမနေခဲ့ကြပါဘူး။ ကျွန်တော်တို့ဟာ ပြိုင်ဘက်ကို အခွင့်အရေးတွေ အများကြီး ပေးခဲ့ပါတယ်။ အထူးသဖြင့် ဟော်ဖန်ဟိမ်းဟာ အရမ်းကောင်းတဲ့ ခြေစွမ်းနဲ့ ကစားသွားခဲ့ပါတယ်။ ဆီဘာစတီယန်ဟိုးနက်စ်ကို ချီးကျူးချင်ပါတယ်။ သူ့အသင်းက အရမ်းကောင်းတယ်။ အရမ်း ဟန်ချက်ညီခဲ့တယ်။ သူတို့ဟာ နေရာလွတ်အားလုံးကို ပိတ်ဆို့နိုင်ခဲ့ကြတယ်။ ဒီတော့ ကျွန်တော်တို့ တိုက်စစ်ဘယ်လောက်ဘဲ ဆင်ဆင် အခြားပွဲတွေမှာလို အခွင့်အရေး ဖန်တီးလို့ မရခဲ့ပါဘူး။ ဒီအရှုံးအတွက် ပွဲပန်းမှုကို အပြစ်မတင်ချင်ပါဘူး။ ကျွန်တော်တို့ကစားနေကြအတိုင်း မကစားနိုင်ခဲ့လို့ ရှုံးခဲ့တာပါ”ဟု ပြောကြားသွားခဲ့သည်။

ဘိုင်ယန်မြူးနစ်သည် ဗုဒ္ဓဟူးနေ့တွင် ဒေါ့မွန်အသင်းနှင့် ဂျာမန်စူပါဖလားပြိုင်ပွဲ ကစားရဦးမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment