ဟိုတယ်ခန်းထဲ မိန်းကလေးများ ခေါ်လာသော ဂရင်းဝုဒ်နှင့်ဖိုဒန်တို့ အရေးယူခံရဖွယ်ရှိ

အင်္ဂလန်အသင်းမှ လူငယ်ကစားများဖြစ်သည့် တိုက်စစ်မှူး မေဆန်ဂရင်းဝုဒ်နှင့် ကွင်းလယ်လူ ဖီးလ်ဖိုဒန်တို့သည် အိုက်စလန်အား ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သော နေးရှင်းလိဂ် အဖွင့်ပွဲစဉ်အတွက် အိုက်စလန်တွင်ရှိနေစဉ် ဟိုတယ်ခန်းအတွင်း မိန်းကလေးများ ခေါ်လာခဲ့ခြင်းကြောင့် အရေးယူခံရဖွယ်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။

အသက် ၁၈ နှစ်အရွယ် ဂရင်းဝုဒ်နှင့် အသက် ၂၀ အရွယ် ဖိုဒန်တို့သည် အင်္ဂလန် ယူ-၂၁ အသင်း တွင်ကစားစဉ် ရင်းနှီးသည့် သူငယ်ချင်းများဖြစ်ခဲ့ပြီး အိုက်စလန်နှင့်ပွဲတွင် ပါဝင်ကစားခွင့်ရကာ လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံး ပွဲထွက်ကစားခွင့် ရရှိခဲ့သည်။

စတာလင်း၏ နောက်ကျသွင်းဂိုးဖြင့် အနိုင်ရခဲ့သော အိုက်စလန်နှင့်ပွဲတွင် မန်စီးတီးကစားသမား ဖိုဒန်က ပွဲထွက်လူစာရင်းမှ ပါဝင်ခွင့်ရခဲ့သလို မန်ယူကစားသမား ပွဲချိန် ၇၈ မိနစ်တွင် ဟယ်ရီကိန်းအစား လူစားဝင်ကစားခွင့် ရရှိခဲ့သည်။

အိုက်စလန်မီဒီယာ DV မှ ရေးသားအချက်အရ ၎င်းတို့နှစ်ယောက်သည် ဟိုတယ်ခန်းအတွင်း မိန်းကလေးများ ခေါ်ဆောင်လာသည်ကို တွေ့ရှိခဲ့သည်။

စက္ကန့်ပိုင်းသာ ကြာမြင့်သည့် Snapchat ဗီဒီယိုဖိုင်ထဲတွင် အင်္ဂလန်၏ လေ့ကျင့်ရေးဝတ်စုံ တီရှပ်အပြာရောင် ဝတ်ထားသည့် ဖိုဒန်နှင့် ဂရင်းဝုဒ်တို့ကို ၎င်းတို့၏ ကောင်မလေးများက ရယ်မောကာ ဗီဒီယိုရိုက်ထားသည့် ပြကွက်များ ပါဝင်သည်။

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမည်ကို စိုးရိမ်သောကြောင့် လက်ရွေးစင်ကစားသမားများကို တင်းကျပ်သည့် စည်းကမ်းများ ချမှတ်ထားသော်လည်း ၎င်း တို့နှစ်ဦးက စည်းကမ်းဖောက်ဖျက်ကာ ဟိုတယ်ခန်းထဲ မိန်းကလေးများ ခေါ်ဆောင်လာခြင်းဖြစ်သည်။

ထို့ကြောင့် ဖိုဒန်နှင့် ဂရင်းဝုဒ်တို့သည် ဆွီဒင်နှင့်ကစားမည့် နေးရှင်းလိဂ် ဒုတိယပွဲစဉ်အတွက် ယနေ့ပြုလုပ်သည့် အင်္ဂလန်အသင်း၏ လေ့ကျင့်ရေးအစီအစဉ်တွင် ပါဝင်လာခြင်းမရှိပေ။

မီဒီယာများက ၎င်းတို့နှစ်ဦးကို အင်္ဂလန်အသင်း၏ လေ့ကျင့်ရေးကွင်းမှ အင်္ဂလန်သို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အခိုင်အမာ ဖော်ပြသည်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကလည်း စည်းကမ်းဖောက်ဖျက်သော ၎င်းတို့နှစ်ဦး၏ အကြောင်းကို မကြာခင်ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲတွင် တရားဝင်ပြောကြားဖွယ်ရှိနေပြီး အရေးယူမှု ပြုလုပ်ဖွယ်ရှိနေသည်။

အင်္ဂလန်အသင်းသည် နိုင်ငံတကာပွဲများ ယှဉ်ပြိုင်စဉ်အတွင်း ကစားသမားများ၏ ဇနီး၊ ချစ်သူ များကို အသင်းသို့လာရောက်ခွင့် တားမြစ်ထားပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ဆိုးကာလအတွင်း ဖိုဒန် နှင့် ဂရင်းဝုဒ်တို့၏လုပ်ရပ်က လက်ခံနိုင်စရာမရှိဟု ဗြိတိန်မီဒီယာများက သုံးသပ်သည်။

ဖိုဒန်သည် ၎င်း၏ အတူနေချစ်သူနှင့်အတူ ၂ နှစ်အရွယ် သားတစ်ဦး ထွန်းကားထားပြီး ဂရင်းဝုဒ်ကမူ လွန်ခဲ့သည့်မေလအတွင်း ချစ်သူနှင့် လမ်းခွဲထားသူဖြစ်သည်။

Ref:dailymail

Facebook Comments Box
Facebook Comment