ဟာလန်းနှင့် မာတီနက်ဇ်တို့ကို မန်စီးတီး ပစ်မှတ်ထားနေ

ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်စီးတီးသည် လာမည့်ရာသီတွင် တိုက်စစ်အင်အား ဖြည့်တင်းရန်အတွက် ဒေါ့မွန်မှ အာလင်းဟာလန်းနှင့် အင်တာမီလန်မှ လော်တာရိုမာတီနက်ဇ်တို့ကို ပစ်မှတ်ထားနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။

နည်းပြ ဂွါဒီယိုလာ၏ အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ် ၇ ပွဲ ကစားအပြီး ၁၀ ဂိုး သွင်းယူထားပြီး တိုက်စစ်ကစားသမားများဖြစ်သည့် ဂျီးဆပ်စ်က ၂ ဂိုး၊ စတာလင်းက ၂ ဂိုး၊ မာရက်ဇ်က ၁ ဂိုး စုစုပေါင်း ၅ ဂိုးသာ သွင်းယူထားသည်။

အဓိက တိုက်စစ်မှူးဖြစ်သူ အဂွဲရိုးမှာ ဒဏ်ရာကြောင့် ပရီးမီးယားလိဂ် ၂ ပွဲ သာ ကစားခွင့်ရထားပြီး မန်ချက်စတာတွင် ဆက်ရှိရန် မသေချာသေးသလို ဒဏ်ရာသက်သာလာသော ဂျီးဆပ်စ်ကိုသာ အဓိက အားထားနေရသည်။

ထို့ကြောင့် လာမည့်ရာသီအတွက် တိုက်စစ်ပိုင်းအား အဓိကခေါ်ယူရန် ပြင် ဆင်နေကာ ယခုရာသီ ချန်ပီယံလိဂ်တွင် ၄ ဂိုးသွင်းကာ အခြား ၃ ဦးနှင့်အ တူ ဂိုးသွင်းဘုရင်အဖြစ် ဦးဆောင်နေသော ဟာလန်းနှင့် ယခုရာသီ စီးရီးအေ ၄ ဂိုးသွင်းထားသော မာတီနက်ဇ်တို့ကို ခေါ်ယူရန် ပြင်ဆင်ထားသည်။

အသက် ၂၀ အရွယ် နော်ဝေလက်ရွေးစင် ဟာလန်းသည် ယခုရာသီတွင် ဘွန်ဒက်စ်လီဂါ ၆ ဂိုး၊ ချန်ပီယံလိဂ် ၄ ဂိုး၊ ပိုကယ်ဖလား ၁ ဂိုး စုစုပေါင်း ၁၁ ဂိုးသွင်းယူထားပြီး ဂိုးသွင်းခွင့်ရသည့် အခွင့်အရေး ၆၀ ရာခိုင်နှုန်းခန့်အား ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။

အသက် ၂၃ နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် မာတီနက်ဇ်က စီးရီးအေ ၄ ဂိုး၊ ချန်ပီယံလိဂ် ၁ ဂိုး စုစုပေါင်း ၅ ဂိုး သွင်းယူထားပြီး အသင်းဖော်များအတွက် ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ပေးထားသည်။

မန်စီးတီးသည် ခြေစွမ်းထက် ကစားသမားများအဖြစ် သတ်မှတ်ခံထားရသော ၎င်းတို့နှစ်ယောက်ကို ခေါ်ယူရန် ကြိုးစားနေသော်လည်း လာလီဂါ ထိပ်သီးနှစ်သင်းဖြစ်သည့် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့နှင့် အပြိုင် ခေါ်ယူရဖွယ်ရှိသည်။

Ref:90min

Facebook Comments Box
Facebook Comment