ဟာဗက်ဇ်ကြောင့် မေဆန်မောင့် စိတ်ညစ်နေသည်ဆိုခြင်းကို ဖခင်ဖြစ်သူ လှောင်ပြောင်

လေဗာကူဆင် တောင်ပံကစားသမား ကိုင်ဟာဗက်ဇ် လန်ဒန်အခြေစိုက်ကလပ် ချဲလ်ဆီးသို့ ပေါင် ၈၉ သန်းဖြင့် ရောက်ရှိလာခြင်းကြောင့် အင်္ဂလန် ကွင်းလယ်ကစားသမား မေဆန်မောင့်အတွက် စိတ်ညစ်စရာများ ဖြစ်စေ ကာ မပျော်မရွှင် ဖြစ်နေရသည်ဆိုသော ဂျာမန်မီဒီယာများ၏ ဖော်ပြမှုကို ၎င်း၏ဖခင်ဖြစ်သူ တိုနီမောင့်က လှောင်ပြောင်လိုက်သည်။

ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားသော ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်သည် ယခုနွေရာသီတွင် ဟာဗက်ဇ်၊ ဇီရက်ချ်၊ ဘန်ချီဝဲလ်၊ သီယာဂိုဆေးလ်ဗား အပါအဝင် ကစားသမားသစ်များအတွက် ပေါင် သန်း ၂၃၀ အသုံးပြုထားသည်။

အသက် ၂၁ နှစ်အရွယ် ဂျာမနီလက်ရွေးစင် ဟာဗက်ဇ် ရောက်လာခြင်းသည် တိုက်စစ်တွင် တီမိုဝါနာနှင့် တွဲဖက်အသုံးပြုနိုင်ရေး ဖြစ်နိုင်သည်ဟု သုံးသပ်မှုများ ထွက်ပေါ်နေရာ ဇီရက်ချ်လည်းရှိနေသောကြောင့် မေဆန်မောင့်အတွက် နေရာပျောက်နိုင်သည့် သဘောလည်းဖြစ်သည်။

လမ်းပတ်သည် ဒါဘီတွင် အဌားချထားသော အသက် ၂၁ နှစ်အရွယ် မေဆန်မောင့်ကို ယမန်နှစ်ရာသီက ပြန်လည်ခေါ်ယူကာ အသင်းကြီးတွင် နေရာပေးခဲ့ရာ ပရီးမီးယားလိဂ် ၃၇ ပွဲအပါ ပြိုင်ပွဲစုံ ၅၃ ပွဲကစားကာ ၈ ဂိုးသွင်းယူခဲ့သည်။

ခြေစွမ်းပြနိုင်သောကြောင့် အင်္ဂလန်နည်းပြ ဆောက်ဂိတ်က လက်ရွေးစင်အသင်းသို့ ခေါ်ယူခဲ့ပြီး ၆ ပွဲကစားကာ ၁ ဂိုးသွင်းယူထားသည်။

မေဆန်မောင့်သည် ၂၀၁၉ ဇူလိုင်လအတွင်း ချဲလ်ဆီးနှင့် ၅ နှစ်သက်တမ်းတိုးထားပြီး ကစား သမားသစ်များကြောင့် ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရမည်ကို သိရှိထားသည်ဟု ပြောသည်။

ဂျာမန်သတင်းစာ Bild မှ အားကစားဌာန အကြီးအကဲ ခရစ်ရှန်ဖော့ခ်က လူမှုကွန်ရက်တွင် “ငါတို့ရဲ့ပုံပြင်ကတော့… ဟာဗက်ဇ်က လန်ဒန်မှာ အိမ်ရှာနေပြီ။ ဟာဗက်ဇ်က ဝါနာနဲ့အတူ တောင်ပံမှာ ကစားနိုင်တယ်။ တန်ဖိုးကြီးတဲ့ ပြိုင်ဘက်တစ်ယောက် သူ့နေရာကို ရောက်လာတော့ မေဆန်မောင့်တော့ စိတ်ညစ်နေမှာပဲ” ဟု ရေးသားထားသည်။

အဆိုပါ မှတ်ချက်အောက်တွင် မေဆန်မောင့်၏ဖခင် တိုနီမောင့်က မျက်ရည်ထွက် အောင် ရယ်မောနေသည့် emoji ၃၆ ခုနှင့်အတူ bulls***’ ဆိုသည့် စာသားကိုလည်း ရေးသားကာ လှောင်ပြောင်လိုက်သည်။

Ref:Bild

Facebook Comments Box
Facebook Comment