ဟာဇက်နှင့် ကာစီမီယိုတို့ COVID-19 ကူးစက်ခံရ

ဘယ်လ်ဂျီယံ တောင်ပံကစားသမား အီဒင်ဟာဇက်နှင့် ဘရာဇီးလ် ကွင်းလယ်လူ ကာစီမီယိုတို့ COVID-19 ကူးစက်ခံထားရကြောင်း လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်က ကြေညာသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ဘရာဇီးလ်နောက်ခံလူ မီလီတာအိုလည်း ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသေးပြီး ဟာဇက်နှင့် ကာစီမီယိုတို့က ဗိုင်းရပ်စ်ကူးစက်မှုဒဏ် နောက်ဆုံးခံရသော ကြယ်စင်စု ကစားသမားများ ဖြစ်လာသည်။

ဒဏ်ရာကြောင့် ယခုရာသီအတွင်း ၃ ပွဲသာ ကစားထားရသော ဟာဇက်သည် ဒဏ်ရာသက်သာလာ၍ ပြန်ကစားနိုင်သည်က တစ်ပတ်စွန်းစွန်းသာ ရှိသေးချိန်တွင် ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရခြင်း ဖြစ်သည်။

ဟာဇက်နှင့် ကာစီမီယိုတို့သည် ယမန်နေ့ နံနက်ပိုင်းအထိ အသင်းသားများနှင့် အတူလေ့ကျင့်ခဲ့သေးပြီး ဆေးစစ်မှုကို ယမန်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။

ယနေ့နံနက်ပိုင်း ဆေးစစ်ချက်အဖြေအရ ဟာဇက်နှင့် ကာစီမီယိုတို့တွင်သာ ဗိုင်းရပ်စ်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အခြား ကစားသမားများ၊ နည်းပြအဖွဲ့ဝင်များနှင့် ကလပ်ဝန်ထမ်းများတွင် Negative အဖြေထွက်ခဲ့ကြောင်း ရီးရဲလ်က ကြေညာသည်။

လက်ရှိတွင် ဟာဇက်နှင့် ကာစီမီယို အပါအဝင် မီလီတာအိုပါ နေအိမ်တွင် သီးသန့် နေထိုင်လျက်ရှိပြီး မနက်ဖြန်ည ဗလန်စီယာနှင့် ကစားရမည့် အဝေးကွင်းပွဲအား လွဲချော်ရမည်ဖြစ်သည်။

၎င်းတို့ ၃ ဦး COVID-19 ကြောင့် အနားယူရမည့် အနေအထားတွင် နောက်ခံလူများဖြစ်သည့် ကာဗာဂျယ်၊ အိုဒရီယိုဇိုလာနှင့် နာချိုတို့မှာလည်း ဒဏ်ရာကိုယ်စီ ရရှိနေ၍ နည်းပြဇီဒန်းအတွက် စိတ်ပျက်စရာ ဖြစ်သည်။

Ref:goal

Facebook Comments Box
Facebook Comment