ဟာဇက်နေရာကို ဇီရက်ချ်က ထိုက်ထိုက်တန်တန် ဖြည့်ဆည်းနိုင်မည်ဟု လမ်းပတ် မျှော်လင့်

ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်က အေဂျက်စ်မှ ပေါင် ၃၆ သန်းဖြင့် ခေါ်ယူထားသော မော်ရိုကို တောင်ပံကစားသမား ဟာကင်ဇီရက်ချ်သည် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့သွားသော အီဒင်ဟာဇက်၏ နေရာကို အကောင်းဆုံး ဖြည့်ဆည်းနိုင်မည်ဟု မျှော်လင့် ထားကြောင်း ပြောသည်။

ဘယ်လ်ဂျီယံ တောင်ပံကစားသမား ဟာဇက်သည် ၂၀၁၉ ခုနှစ်တွင် လာလီဂါထိပ်သီး ရီးရဲလ်သို့ ပေါင် သန်း ၁၀၀ ကျော်ဖြင့် ပြောင်းရွှေ့သွားခဲ့ပြီး ၎င်း၏နေရာကို အစားဖြည့်နိုင်မည်ဟု ယူဆခဲ့သော ပက်ဒရိုနှင့် ဝီလျံတို့ကလည်း ယခုနွေရာသီအတွင်း ချဲလ်ဆီးမှ ထွက်ခွာသွားခဲ့သည်။

ထို့ကြောင့် လမ်းပတ်သည် အသက် ၂၇ နှစ်အရွယ် မော်ရိုကို လက်ရွေးစင် ဇီရက်ချ်ကို ပေါင် ၃၆ သန်းပေး၍ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ဇီရက်ချ်သည် ချဲလ်ဆီးသို့ ရောက်ရှိခါစတွင် ဒဏ်ရာကြောင့် အနားယူခဲ့ရပြီး နောက်ပိုင်း ဒဏ်ရာသက်သာကာ ဘန်လေ၊ ခရက်စ်နိုဒါတို့အား အနိုင်ရခဲ့သောပွဲများတွင် ၂ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့သည်။

ထို့ကြောင့် ၎င်းသည် ဒီယေဂိုကော်စတာနောက်ပိုင်း ပွဲထွက်ကစားခွင့်ရသော ပြိုင်ပွဲစုံ ၂ ပွဲဆက်တိုက် ဂိုးသွင်းနိုင်သည့် ပထမဆုံး ချဲလ်ဆီးကစားသမား ဖြစ်လာသည်။

အသင်းအတွက် ခြေစွမ်းပြနေသော ဇီရက်ချ်နှင့် ပတ်သက်၍ လမ်းပတ်က “မနှစ်က ကျွန်တော်တို့ဆီမှာ ပက်ဒရိုနဲ့ ဝီလျံတို့လို ကစားသမားကောင်းတွေ ရှိခဲ့တယ်။ အဲဒီမတိုင်ခင်ကဆိုရင်လည်း အီဒင်ဟာဇက်ရှိတယ်။ ဒီလို ကစားသမားတွေရဲ့ နေရာကို အစားထိုးဖို့က မလွယ်ပါဘူး။

ကျွန်တော်တို့က ဇီရက်ချ်လို ကွဲပြားတဲ့ အရည်အသွေးတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားကို ခေါ်ယူခဲ့တယ်။ ဘယ်သန်၊ ညာတောင်ပံမှာ ကစားနိုင်တဲ့ ဇီရက်ချ်ဟာ ဒီဘက်နှစ်ပိုင်းအတွင်း အေဂျက်စ်မှာ အဓိကနေရာကနေ ကစားခဲ့တယ်။ သူက ကျောနံပါတ် ၁၀ နေရာမှာ ကစားနိုင်တာ ကျွန်တော်သိတယ်။

တကယ်လို့ ကျွန်တော်တို့က အဲဒီလို ကစားစေချင်တယ်ဆိုရင် သူက သေချာပေါက် ကစားပေးနိုင်မှာပါ” ဟု ပြောသည်။

Ref:dailymail

Facebook Comments Box
Facebook Comment