ဟာဇက်က ပရိုစိတ်ဓာတ် နည်းပါးသူမဟုတ်ကြောင်း ဇီဒန်း ကာကွယ်

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက အားကစားသမားတစ်ယောက်တွင် ရှိသင့်ရှိထိုက်သည့် ပရော်ဖက်ရှင်နယ်စိတ်ဓာတ် နည်းပါးသည်ဟု စွပ်စွဲခံထားရသော တောင်ပံကစားသမား အီဒင်ဟာဇက်ဘက်မှ ကာကွယ်လိုက်ပြီး အဆိုပါ ဘယ်လ်ဂျီယံ ကစားသမားသည် မကြာမီ အသင်းတွင် ပြန်လည်ပါဝင်လာမည်ဟုလည်း အတည်ပြုလိုက်သည်။

အသက် ၂၉ နှစ်အရွယ် ဟာဇက်သည် ယမန်နှစ် ဇွန်လအတွင်း ချဲလ်ဆီးမှ ပေါင် သန်း ၁၅၀ ဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။

သို့သော်လည်း ၎င်းသည် ဘာနေဗျူးသို့ ရောက်ရှိလာချိန်တွင် ကိုယ်အလေးချိန် ၇ ကီလိုတက်ကာ အားကစားသမားတစ်ဦးတွင် ရှိသင့်ရှိထိုက်သည့် ကိုယ်အလေးချိန်ထက် ကျော်လွန်နေသလို ခြေကျင်းဝတ်ဒဏ်ရာကြောင့်လည်း မကြာခဏ အနားယူနေခဲ့ရသည်။

ဟာဇက်သည် ယမန်နှစ်ရာသီက လာလီဂါ ၁၆ ပွဲတွင် ၁ ဂိုးသာသွင်းနိုင်သလို အခြား ၆ ပွဲတွင်လည်း ဂိုးသွင်းနိုင်ခြင်း မရှိပေ။

တစ်ပတ်လစာ ပေါင် ၄ သိန်းရဖွယ်ရှိနေသော ဟာဇက်ကို ရီးရဲလ်က ယခုနှစ် ဘောလုံးရာသီမစမီ ကြံ့ခိုင်မှုအပြည့် ရစေရန်အတွက် အသင်းတွင်နေထိုင်ကာ လေ့ကျင့်မှုများပြုလုပ်ရန် စေခိုင်းခဲ့သည်။

သို့သော်လည်း ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်က ဒိန်းမတ်၊ အိုက်စလန်တို့နှင့်ကစားမည့် နေးရှင်းလိဂ်ပွဲစဉ်များအတွက် ခေါ်ယူခဲ့ရာ ဟာဇက်က ရီး ရဲလ်ကို သတင်းမပို့ဘဲ ကိုယ့်သဘောနှင့်ကိုယ် သွားရောက်ပူးပေါင်းခဲ့သည်။

ကလပ်၏ ခွင့်ပြုချက်မရဘဲ လက်ရွေးစင်အသင်းနှင့် ပူးပေါင်းခဲ့သော်လည်း ဟာဇက်သည် အဆိုပါ ၂ ပွဲတွင် တစ်မိနစ်မှ ကစားခွင့်မရဘဲ အရန်စာ ရင်းတွင်သာ ပါဝင်ခဲ့သည်။

စပိန်မီဒီယာများက ဟာဇက်ကို ပရော်ဖက်ရှင်နယ်စိတ်ဓာတ် မပြည့်ဝသူအ ဖြစ် ညွှန်းဆိုနေသော်လည်း ဇီဒန်းကမူ “ဟာဇက် ပြန်လာဖို့ နီးစပ်နေပါပြီ။ အသင်းနဲ့လည်း လေ့ကျင့်နေသလို အခြေအနေကလည်း ကောင်းပါတယ်။

ဟာဇက်က ပရော်ဖက်ရှင်နယ်စိတ်ဓာတ် နည်းပါးနေတာတော့ မဟုတ်ပါဘူး။ သူ့မှာ ကြီးမားတဲ့ အကြောင်းတစ်ခုရှိပါတယ်။ ခြေကျင်းဝတ်ဒဏ်ရာက သူ့ကို ကာလရှည် ဒုက္ခပေးနေပါတယ်။ အခုတော့ အိုကေနေပါပြီ” ဟု ဆိုသည်။

ဇီဒန်းသည် စက်တင်ဘာ ၃၀ ရက်တွင် ဗလာဒိုလစ်နှင့်ကစားမည့် လာလီဂါပွဲစဉ်အတွက် ကစားသမား ၂၃ ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာ ယခုရာသီအတွင်း တစ်ပွဲမှ မကစားရသေးသော ဟာဇက်ကို ထည့်သွင်းခဲ့သည်။

Ref:Marca

Facebook Comments Box
Facebook Comment