ဟယ်ရီကိန်းနှင့်ပတ်သက်၍ အင်္ဂလန်နည်းပြဆောက်ဂိတ်ကို မော်ရင်ဟို ကတိပြုလာ

စပါးစ်နည်းပြဟိုဆေးမော်ရင်ဟိုသည် ဟယ်ရီကိန်းနှင့်ပတ်သက်၍ ဂရေမီဆောက်ဂိတ်ကို လူသိရှင်ကြားပြန်လည်တုံ့ပြန်မှု ပြုလုပ်လာခဲ့သည်။ မော်ရင်ဟိုက စပါးစ်အသင်းခေါင်းဆောင်ကို ယခုရာသီတွင် မည်သည့် ခြေစမ်းပွဲများတွင်မှ အသုံးပြုသွားမည်မဟုတ်ကြောင်း ဟာသပြောကြားကာ ဆောက်ဂိတ်ကို တုံ့ပြန်လာခြင်းလည်း ဖြစ်သည်။

စပါးစ်နည်းပြမော်ရင်ဟိုသည် ယခုအပတ်အစောပိုင်းတုန်းက ပွဲဆက်များနေသည့် ၎င်း၏စပါးစ်ကစားသမားများအား လာမည့် နိုင်ငံတကာပွဲစဉ်များတွင် အလွန်အကျွံ မသုံးရန် တိုက်တွန်း ပြောကြားခဲ့သည်။ ယင်းနောက် ဂရေမီဆောက်ဂိတ်ကလည်း မည်သည့်ကစားသမားကိုမှ အသုံးမပြုဟု အာမ မခံနိုင်ကြောင်း ပြန်လည်တုံ့ပြန်မှု ပြုလုပ်ခဲ့သည်။

အင်္ဂလန်အသင်းသည် လာမည့် အောက်တိုဘာလ ၈ ရက်နေ့တွင် ဝင်ဘာလေကွင်း၌ ဝေးလ်နှင့် ခြေစမ်းပွဲကစားရမည်ဖြစ်ပြီး ယင်းပွဲအပြီးတွင် ဘယ်လ်ဂျီယံ၊ ဒိန်းမတ်တို့နှင့် Nations League ပွဲစဉ်များ ကစားရမည်ဖြစ်သည်။

စပါးစ်သည် ၂၀၂၀-၂၁ ရာသီအစတွင်ပင် ပွဲများစွာ ကစားထားရပြီး မက္ကဘီဟိုက်ဖာအား ကြာသပတေးနေ့တုန်းက ၇-၂ ဖြင့် အနိုင်ရခဲ့သည့် ယူရိုပါလိဂ်ပလေးအော့ဖ်ပွဲမှာ ၎င်းတို့၏ ယခုရာသီ ၇ ပွဲမြောက် ပွဲလည်း ဖြစ်သည်။ ကိန်းသည် ယင်းပွဲမှာ စပါးစ်အတွက် ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီး စပါးစ်ကို ယူရိုပါလိဂ်အုပ်စုအဆင့်သို့ တက်ရောက်အောင် ကူညီထားသည်။

မော်ရင်ဟိုက “ကျွန်တော့်သူငယ်ချင်းစတိဗ်ဟော်လန်(အင်္ဂလန်လက်ထောက် နည်းပြ)ကို ကတိပေးနိုင်တာရှိပါတယ်။ ပြီးတော့ ဂရေမီလည်း မကြည်မဖြူ မဖြစ်ပါနဲ့လို့။ ကတိပြုနိုင်တာကတော့ ဟယ်ရီကိန်းကို ဒီရာသီအကုန်အထိ ဘယ်ခြေစမ်းပွဲမှာမှ တစ်မိနစ်တောင် ပေးမကစားဘူးဆိုတာပါ”ဟု ပြောကြားသွားခဲ့သည်။

မော်ရင်ဟိုဦးဆောင်သည့် စပါးစ်သည် လာမည့် တနင်္ဂနွေနေ့တွင် အိုးထရက်ဖို့ဒ်သို့ သွားရောက်ကာ ယူနိုက်တက်ကို ရင်ဆိုင်ကစားရမည်ဖြစ်သည်။

Facebook Comments Box
Facebook Comment