ဟန်ဒါဆန်၏ဂိုးက လူမကျွံသလို ဗန်ဒိုက်နှင့် သီယာဂိုတို့၏ ဒဏ်ရာကို စိုးရိမ်နေရဟု ကလော့ပ် ဝန်ခံ

အဲဗာတန်နှင့် ၂ ဂိုးစီ သရေကျသည့် မာဆေးဆိုက်ဒါဘီတွင် မိမိတို့အသင်း အနိုင်ရသင့်ခဲ့ပြီး ဟန်ဒါဆန်၏ဂိုးက လူမကျွံသလို ဗန်ဒိုက်နှင့် သီယာဂိုတို့၏ ဒဏ်ရာများအတွက်လည်း စိုးရိမ်ပူပန်မိသည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောသည်။

ယခုပွဲမတိုင်မီ နောက်ဆုံးကစားခဲ့သောပွဲတွင် ဗီလာကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သော လက်ရှိချန်ပီယံ လီဗာပူးလ်သည် ရာနှုန်းပြည့် နိုင်ပွဲဆက်နေသော မြို့ခံပြိုင်ဘက် အဲဗာတန်ကို အသာစီးမှ ကစားကာ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ကစားနိုင်ခဲ့သည်။

လီဗာပူးလ်သည် ပွဲအစ ၃ မိနစ်တွင် မာနေး၏ဂိုး၊ ၇၂ မိနစ်တွင် ဆာလက်၏ဂိုးများဖြင့် ဦးဆောင်နိုင်သော်လည်း တစ်ကြိမ်ဦးဆောင်တိုင်း အဲဗာတန်က ချေပဂိုးများ ပြန်လည်သွင်းယူခဲ့သည်။

ပွဲချိန် ၁၁ မိနစ်တွင် ဗန်ဒိုက်၏ခြေထောက်ကို အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်က ခြေထောက်နှစ်ချောင်းစလုံးဖြင့် ညှပ်ချိုးသလို ဖြစ်ခဲ့ရာ ဂျိုးဂိုမက်ဇ်နှင့် လူစားလဲခဲ့ရသည်။

ပွဲချိန် မိနစ် ၉၀ တွင်လည်း ရစ်ချာလီဆန်က သီယာဂိုကို ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့ရာ ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက အနီကတ်ပြ ထုတ်ပယ်ခဲ့သော်လည်း သီယာဂိုမှာ နာကျင်ခဲ့ပုံရသည်။

အဆိုးဆုံးက နာကျင်အချိန်ပိုတွင် ဟန်ဒါဆန်က အနိုင်ဂိုး သွင်းယူခဲ့သော်လည်း မိုက်ကယ်အိုလီဗာက VAR ပြန်ကြည့်ခဲ့ရာ ဖန်တီးပေးသည့် မာနေးက လူကျွံအနေအထားတွင် ရှိနေသည်ဟုဆိုကာ ပယ်ဖျက်ခဲ့၍ လီဗာပူးလ် နစ်နာခဲ့ရသည်။

ပွဲအပြီး မီဒီယာများက ထုတ်ပြန်သော ဓာတ်ပုံမှတ်တမ်းများအရ မာနေးမှာ လူကျွံအနေအထားတွင် ရှိမနေဘဲ ဂိုးမပေးခဲ့ခြင်းက အိမ်ရှင်အဲဗာတန်အသင်း ပထမဆုံး ရှုံးပွဲကြုံရမည့် အဖြစ်မှ ကင်းလွတ်နိုင်ခဲ့သည်။

ပွဲအပြီးတွင် ကလော့ပ်က “ပစ်ဖို့ဒ်က ဗန်ဒိုက်ကို ကန်လိုက်တာ ရှင်းနေတာပဲလေ။ ကျွန်တော်တို့ ဒါကို ပြန်ကြည့်ဖို့ လိုနေပြီ။ လူကျွံဘောဆိုပြီး ကျွန်တော်တို့အသင်း မရခဲ့တဲ့ဂိုးကလည်း ဓာတ်ပုံတွေကို ပြန်ကြည့်ပြီးပြီ။

လူကျွံနေတယ်လို့ ကျွန်တော်ကတော့ မမြင်ပါဘူး။ တစ်ယောက်ယောက်ကများ ကျွန်တော့်ကို လူကျွံဘောဆိုပြီး ရှင်းပြပေးနိုင်မလား။ ရစ်ချာလီဆန်ရဲ့ အနီကတ်ကတော့ အဲဗာတန်အတွက် အနီကတ်တင်မဟုတ်ဘူး။

သီယာဂိုအပေါ် အရမ်းပြင်းထန်တဲ့ ပြစ်ဒဏ်ကျူးလွန်မှုပဲ။ သူ တော်တော် ထိသွားပုံရတယ်။ ဘာဖြစ်လာမလဲဆိုတောတော့ ကျွန်တော်မသိဘူး။ အရိုးသားဆုံး ပြောရရင်တော့ အခြေအနေက သိပ်မကောင်းဘူး” ဟု ဆိုသည်။

Ref:liverpooltv

Facebook Comments Box
Facebook Comment