ဟန်ဒါဆန်နှင့်ပတ်သက်၍ စိုးရိမ်စိတ်မရှိဟု ဒီဂီယာ ကြုံးဝါး

မန်ယူနည်းပြ ဆိုးလ်ရှားသည် လူတန်တောင်းအား ၃ ဂိုးပြတ် အနိုင်ရခဲ့သော လိဂ်ဖလားပွဲစဉ်တွင် ပထမဂိုးသမား ဒီဂီယာကို အနားပေးကာ ရှက်ဖီးယူနိုက်တက်မှ အဌားဖြင့် ပြန်ရောက်လာသော ဒင်းဟန်ဒါဆန်ကို ထည့်သွင်းအသုံးပြုခဲ့သည်။

ရှက်ဖီးတွင် လက်စွမ်းပြခဲ့သော ဟန်ဒါဆန်သည် မန်ယူအသင်းကြီးနှင့် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့သော လူတန်တောင်းနှင့်ပွဲတွင်လည်း ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်သော ကြောင့် စပိန်လက်ရွေးစင် ဒီဂီယာအတွက် ဖိအားတစ်ရပ် ဖြစ်လာတော့မည်ဟု သတင်းများ ထွက်ပေါ်နေသည်။

သို့သော်လည်း ၂၀၁၁ မှစတင်ကာ မန်ယူအသင်း၏ ဂိုးပေါက်ကို စောင့်ရှောက်လာသော ဒီဂီယာက စိုးရိမ်စိတ် မဖြစ်မိဘဲ ပွဲထွက်ခွင့်ရရှိရေးအတွက် ဟန်ဒါဆန်နှင့် ယှဉ် ပြိုင်သွားမည်ဟု ဖွင့်ဟသည်။

အက်သလက်တီကိုမှ ပေါင် ၁၈ ဒသမ ၉ သန်းဖြင့် ပြောင်းရွှေ့လာသော ဒီဂီယာသည် မန်ယူအတွက် ပြိုင်ပွဲစုံ ၄၀၆ ပွဲကစားကာ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ လိဂ်ဖ လားနှင့် ယူရိုပါလိဂ်ဖလားတို့ကို တစ်ကြိမ်စီ ရယူထားသည်။

အသက် ၂၉ နှစ်အရွယ် ဒီဂီယာသည် ၂၀၁၉-၂၀၂၀ ရာသီက စပါး၊ ချဲလ်ဆီးတို့နှင့် ကစားသောပွဲများတွင် အမှားလုပ်ခဲ့သောကြောင့် မန်ယူအတွက် တန်ဖိုးကြီးမားခဲ့ပြီး နေရာပျောက်မည့်ကိန်း ဆိုက်ခဲ့သည်။

ယခုရာသီအစ ပရီးမီးယားလိဂ် အဖွင့်ပွဲတွင်လည်း ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ ပင် ၁-၃ ဂိုးဖြင့်ရှုံးကာ အခက်တွေ့နေချိန် ရှက်ဖီးတွင် လက်စွမ်းပြခဲ့သော ဟန်ဒါဆန် က ပြန်လည်ရောက်ရှိလာသောကြောင့် အိုးလ်ထရက်ဖို့ဒ်၏ ပထမဂိုးသမား နေရာလုပွဲက ပိုမိုပြင်းထန်လာဖွယ် ရှိနေသည်။

စပိန်လက်ရွေးစင် အသင်းအတွက် ၄၃ ပွဲကစားထားသော ဒီဂီယာက “ခံစားမှုကတော့ အရမ်းအရမ်း ကောင်းပါတယ်။ ယုံကြည်မှု အရမ်းရှိသလို အကောင်းမြင်စိတ်လည်း အရမ်းရှိတယ်။ အခုအချိန်က နိုင်ပွဲပြန်ယူရမယ့်အချိန်၊ ဆုဖလားတွေ ရယူနိုင်ဖို့အချိန်ပဲ။ လက်ရှိမှာ ဒါက ကျွန်တော်တို့အတွက် အရေးအကြီးဆုံးပဲ” ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက နည်းပြများ၊ အခြားဂိုးသမားများနှင့် နေ့တိုင်း လေ့ကျင့်လျက်ရှိ ပြီး တစ်ဦးနှင့်တစ်ဦး တွန်းအားပေးကာ သင်ယူနေရကြောင်း၊ အခြား ဂိုးသမားများ၊ ဂိုးနည်းပြများနှင့် ပတ်သက်၍ မိမိ၏ စိတ်ခံစားမှု ကောင်းမွန်နေခြင်းက အလွန်အရေးကြီးကြောင်း ဖွင့်ဟသည်။

Ref:TheSun

Facebook Comments Box
Facebook Comment