သွင်းဂိုးတွေနဲ့ ဆိုးလ်ရှားရဲ့ဖိအားတွေကို လျော့ပါးစေခဲ့တဲ့ ဖာနန်ဒက်စ်

ဒီနေ့ည ကျင်းပတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၈ အစောဆုံးပွဲမှာတော့ ရလဒ်တွေ ဆိုးရွားနေတဲ့ မန်ချက်စတာ ယူနိုက်တက်က အဝေးကွင်းမှာ အဲဗာတန်ကို ၃-၁ ဂိုးနဲ့ အနိုင်ယူပြီး နည်းပြဆိုးလ်ရှားလည်း ဖိအားအနည်းငယ် လျော့ပါးသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ယူနိုက်တက်အတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့သူကတော့ ၂ ဂိုးစလုံး သွင်းယူခဲ့သလို ကာဗာနီအတွက်လည်း ဖန်တီးပေးခဲ့တဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဖြစ်ပြီး ရက်ရှ်ဖို့ဒ်+မာရှယ် တိုက်စစ်အတွဲကတော့ ပုံမှန်ခြေစွမ်းတောင် မရခဲ့ပါဘူး။

အထူးသဖြင့် ဆိုးလ်ရှားရဲ့ဦးစားပေး ကစားသမားအဖြစ် ပွဲထွက်ခွင့်ရနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ ဒုတိယပိုင်းမှာ အပိုင်ဂိုးရခွင့် ၂ ကြိမ်လောက်ကို ဖြုန်းတီး ပစ်ခဲ့ပြီး ဂိုးသမားပစ်ဖို့ဒ်နဲ့ တစ်ဦးချင်းအတွေ့ ကန်ခွင့်ရတာကို အသုံးမချနိုင်တာကတော့ တော်တော်ဆိုးရွားတဲ့ လုပ်ရပ်ပါပဲ။

အဲဗာတန်ဟာ ကွင်းလယ်ပိုင်းမှာ ယူနိုက်တက်ထက် အများကြီး သာလွန်ခဲ့ပြီး အယ်လန်၊ ဒိုကိုရီ၊ ဘားနတ်၊ ဆီဂတ်ဆန်တို့က ဖန်တီးမှု ကောင်းခဲ့ပါတယ်။

ဒစ်ဂ်နေး၊ ဘားနတ်တို့ရဲ့ဘယ်တောင်ပံ တိုက်စစ်က တိုက်စစ်ကို လိုက်ပါလွန်းတဲ့ ဘစ်ဆာကာဘက်အခြမ်းကနေ အများဆုံးထိုးဖောက်ခဲ့ပါတယ်။

ဟာမီးစ်ရိုဒရီဂွက်ဇ်ရော၊ ကယ်ဗတ်လူဝင်ပါ တိုက်စစ်မှာ ခြေစွမ်းမပြနိုင်တာက အန်ဆလော့တီရဲ့အသင်း လိဂ် ၃ ပွဲဆက် ရှုံးနိမ့်ရခြင်း ဖြစ်လာပါတယ်။

ပထမပိုင်း ၁၉ မိနစ်မှာ ပစ်ဖို့ဒ် ကန်တင်ပေးတာကို လင်ဒီလော့ဖ် ဖျက်ထုတ်တာ ဘားနတ်ရသွားပြီး ဂိုးဧရိယာထိပ်က ကန်ကာ အဲဗာတန်တို့ အဖွင့်ဂိုး ရခဲ့ပါတယ်။

ဒီနောက် ယူနိုက်တက်က ပြန်ဖိလာပြီး ၂၅ မိနစ်မှာ လုခ်ရှော တင်ပေးတာကို ဖာနန်ဒက်စ်က ခေါင်းတိုက်ကာ ချေပဂိုးပြန်သွင်းခဲ့သလို ၃၂ မိနစ်မှာ သူ တင်ပေးတာ ရက်ရှ်ဖို့ဒ်က ခေါင်းတိုက်သွင်းသလို ထင်ရပေမယ့်လည်း တကယ်တမ်း ခေါင်းနဲ့ မထိဘဲ တိုင်ထိဝင်ခဲ့လို့ ဒုတိယဂိုး ရခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အဲဗာတန်က ဖိကစားခဲ့ပြီး ယူနိုက်တက်က အနိုင်ကို ထိန်းကစားခဲ့ပေမယ့်လည်း လူစားလဲမှု မြန်မြန်ဆန်ဆန် မလုပ်ခဲ့တဲ့ ဆိုးလ်ရှားရဲ့နည်းဗျူဟာတွေက မေးခွန်းထုတ်စရာပါပဲ။

နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ ဖာနန်ဒက်စ်ရဲ့ဖန်တီးပေးမှုကနေ လူစား ဝင်လာတဲ့ ကာဗာနီက ကန်သွင်းခဲ့လို့ ယူနိုက်တက်တို့ အနိုင်သေချာစေမယ့် ပွဲသိမ်းဂိုး ရယူခဲ့ပါတယ်။

အဲဗာတန် – ၁

ဟွမ်ဘားတန်(၁၉’)

ယူနိုက်တက် – ၃

ဖာနန်ဒက်စ်(၂၅’၊ ၃၂’)

ကာဗာနီ(၉၀+၄’)

Facebook Comments Box
Facebook Comment