သောမတ်စ်ပါတေးထံမှ ပိုကောင်းသည့် ခြေစွမ်းကို မြင်ရဦးမည်ဟု အာတီတာ သတိပေး

အာဆင်နယ်နည်းပြမီခေးလ်အာတီတာက ရက်ပစ်ဗီယင်နာကို ၂-၁ ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် အာဆင်နယ်အတွက် ခြေစွမ်းပြနိုင်ခဲ့သည့် ကွင်းလယ်ကစားသမားသောမတ်စ်ပါတေး၏ ပိုကောင်းသည့် ခြေစွမ်းများကို နောက်ထပ် များစွာ မြင်တွေ့လာရဦးမှာ ဖြစ်ကြောင်း ပြောကြားလိုက်သည်။

အာဆင်နယ်သည် ဒုတိယပိုင်းတွင် ဒေးဗစ်လုဇ်နှင့် အူဘာမီယန်တို့ သွင်းယူသည့် ဂိုးများကြောင့် ရက်ပစ်ဗီယင်နာကို ၂-၁ ဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါပွဲစဉ်တွင် နွေရာသီ၌ အက်သလက်တီကိုမှ ပေါင် ၄၅ သန်းဖြင့် ရောက်လာသည့် သောမတ်စ်ပါတေးသည် အထူးခြေစွမ်းပြခဲ့သည်။ သူသည် ပြိုင်ဘက် ဗီယင်နာ၏ တိုက်စစ်ကို ရိုက်ချိုးကာ ကစားကွက် တည်ဆောက်မှုများ ပြုလုပ်ခဲ့သည်။ သူသည် ပြီးခဲ့သည့် မန်စီးတီးအား ၁-၀ ဖြင့် ရှုံးနိမ့်သည့်ပွဲတွင် အာဆင်နယ်အတွက် ပထမဆုံးပွဲကို ကစားခဲ့သူဖြစ်သည်။ သူသည် ဗီယင်နာနှင့်ပွဲတွင် အာဆင်နယ်အတွက် ပထမဆုံးအကြိမ် ပွဲချိန်ပြည့်ကစားခဲ့ခြင်းလည်း ဖြစ်သည်။

အာတီတာက “ဒုတိယပိုင်းမှာ ကျွန်တော်တို့ တိုက်စစ်အနည်းငယ်ဖွင့်ကစားလာတဲ့ အချိန်မှာ သူဟာ ကွင်းလယ်ကို ထိန်းချုပ်ခဲ့ပါတယ်။ နေရာလွတ် တွေ ရလာအောင် တိုက်စစ်အခွင့်အရေးတွေ ဖန်တီးခဲ့တယ်။ သူ့ခြေစွမ်း အရမ်းကောင်းခဲ့ပါတယ်။ သူ့ဆီက ဒီထက်မက ပိုကောင်းတဲ့ခြေစွမ်းတွေ လာပါဦးမယ်”ဟု ပြောကြားသည်။

ပါတေးသည် ရက်ပစ်ဗီယင်နာနှင့်ပွဲတွင် ချိန်သားကိုက် ဖျက်ထုတ်မှုများ၊ သွေးအေးအေးဖြင့် တိုက်စစ်သို့ ဘောလုံးသယ်ဆောင်ခြင်း၊ တိကျသည့် ဘောလုံးပေးပို့မှုများ ပြုလုပ်ခြင်း၊ ပြိုင်ဘက်ခြိမ်းခြောက်မှုကို အထူးသတိထားကာ စောင့်ကြည့် သတိပေးခြင်းတို့လည်း ပြုလုပ်ခဲ့သည်။

ယူနိုက်တက်ကစားသမားဟောင်းအိုဝင်ဟားဂရေ့ဗ်က “ကျွန်တော် ကြည့်ဖူးသမျှ ပထမဆုံးကစားခွင့်ရတဲ့ပွဲမှာ အကောင်းဆုံးခြေစွမ်းပြနိုင်မှုတွေထဲက တစ်ခုပါပဲ။ အာဆင်နယ်အသင်းမှာ နှစ်ပေါင်းများစွာ လိုအပ်လာတဲ့အရာကို သူ ဖြည့်ဆည်းလိုက်နိုင်ပါတယ်။ အာဆင်နယ်အတွက် သူက အဓိကအုတ်မြစ်ပါ။ သူက စွယ်စုံရတယ်။ နည်းစနစ်ပိုင်း အရမ်းကောင်းတယ်။ ဟန်ချက်ညီအောင် လုပ်ပေးတယ်။ ပြီးတော့ နည်းစနစ်ပိုင်းကလည်း တော်တော်လေးကို ကောင်းပါတယ်။ ဒီရာသီမှာ အာဆင်နယ်ပရိသတ်တွေ သူ့ကစားတာကြည့်ပြီး ပျော်ရွှင်လာရပါလိမ့်မယ်”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment