သူရဲကောင်း Keeper နှင့် ထူးခြားဂဏန်းများ

ချန်ပီယံလိဂ် အုပ်စု
အဖွင့်ပွဲစဉ်တွေကတော့
ထုံးစံအတိုင်း ရင်ခုန်စရာအတိ၊
စိတ်လှုပ်ရှားစရာအပြည့်။
အင်္ဂါညပွဲတွေမှာ
ကမောက်ကမရလဒ်
ထွက်ပေါ်တာ မရှိပေမယ့်
ထူးခြားဖြစ်စဉ်အချို့ရှိခဲ့တယ်။
အဲဒီထဲမှာ ထင်ရှားတာက
လာဇီယို – တီကိုပွဲမှာ
ဖြစ်သွားခဲ့တာပဲ။

ရလဒ်က အားလုံးသိတဲ့အတိုင်း
တဂိုးစီ သရေ။ အိမ်ရှင်
ရောမသားတွေက အသာစီး
ရခဲ့တာ အထင်းသားပဲ။
ဘောလုံးပိုင်ဆိုင်မှုကို
ကြည့်မလား။ ဂိုးပေါက်
ကန်သွင်းခွင့် အရေအတွက်ကို
စစ်မလား။

ဂိုးပေါက်တည့်ကန်ချက်၊
ထောင့်ကန်ဘောကန်ခွင့်
ဘယ်နှစ်ကြိမ်ရလဲ
မေးဦးမလား။
အိမ်ရှင် ရောမသားတွေက
အဖက်ဖက်က အသာစီးပဲ။
ဆီမြွန်နီရဲ့ အသင်းကတော့
ထုံးစံအတိုင်း ခံစစ်
အသားပေးပြီး
အေးဆေးကစားတာ။

သူတို့က ဂိုးစသွင်းရင်
ထိပ်သီးအသင်းတွေတောင်
ဂိုးပြန်သွင်းဖို့ ခက်တယ်။
ခံစစ်ကစားတာများ
ဆရာကျလွန်းတာ
အားလုံးလည်း အသိပါ။
ပထမပိုင်း ၂၉ မိနစ်မှာ
ကောင်တာကနေ
ဘာရီရော့စ်ကန်တာ
လာဇီယိုကွင်းလယ်လူ
ကာမာဒါရဲ့ ခြေထောက်နဲ့
ထိကာ ဂိုးဝင်သွားတော့
ဘာပြောကောင်းမလဲ။

ခံစစ်ကို သေချာလုပ်ပြီး
ကစားတာများ
လာဇီယို ဘာမှ လုပ်မရဘူး။
ရောမသားတွေကလည်း
၂ နှစ်ကြာဝေးနေတဲ့
ချန်ပီယံလိဂ်မှာ ပထမဆုံး
ပြန်ကစားချိန် အနိုင်
လိုချင်နေတာပေါ့။
အိမ်ကွင်းလည်းဖြစ်တော့
ပိုဆိုး။

ဘယ်မှာ ရှုံးချင်မှာလဲ။
အဖွင့်ပွဲကို အနိုင်ရလဒ်နဲ့
ဖွင့်လှစ်ချင်ပေမယ့်
တီကိုရဲ့ ကစားပုံကြောင့်
မတတ်သာခဲ့ဘူး။
သာမန်ပွဲကစားချိန်
မိနစ် ၉၀ ပြည့်သွားတော့
အချိန်ပို ၄ မိနစ်ပေးတယ်။

စက္ကန့်အားဖြင့် ၂၄၀။
သတ်မှတ်ချိန်ပြည့်ခါနီး
လာဇီယို ထောင့်ကန်ဘော
ကန်ခွင့်ရတယ်။ တသင်းလုံး
ရှေ့တက်လာကြတယ်။
ဂိုးသမား အီဗန်ပရိုဗီဒယ်လည်း
ပါတယ်။

ပထမတကြိမ်ကန်တင်တာမှာ
တီကိုနောက်ခံလူတဦး
ဖျက်ထုတ်လိုက်တယ်။
ကံဆိုးချင်တော့ ဘောလုံးက
ထောင့်ကန်ဘောကန်တဲ့
ကာတယ်ဒီဆီ ပြန်ရောက်သွားတယ်။
ဒီတခါမှာ ကာတယ်ဒီက
ဂိုးရှေ့ကို မကန်တင်တော့ဘဲ
ဂိုးဧရိယာထိပ်နားမှာရှိနေတဲ့
လူးဝစ်အယ်ဘာတိုကို
ထိုးပေးလိုက်တယ်။

အယ်ဘာတိုက ဂိုးရှေ့
အနေတော် တင်ပေးရာမှာ
ပရိုဗီဒယ်က ပြေးတက်သွားပြီး
ဂရစ်ဇ်မန်းရဲ့ အရှေ့ကနေ
ခေါင်းတိုက်သွင်းလိုက်တယ်။
အိုလံပီကိုတကွင်းလုံး
အော်ဟစ်လိုက်တာများ
ရောမတမြို့လုံး တုန်ဟီးသွားတယ်။

အီတလီသား
ပရိုဗီဒယ်အတွက်
အခုပွဲက သူ့ရဲ့
ပထမဆုံးသော
ချန်ပီယံလိဂ် ပွဲဦးထွက်။
ပထမဆုံး ကစားခွင့်ရတဲ့ပွဲမှာ
သူက သမိုင်းတွင်မယ့်ဂိုးကို
သွင်းယူခဲ့တာ။ အခုဆို
သူဟာ ချန်ပီယံလိဂ်
သမိုင်းမှာ ပင်နယ်တီသွင်းဂိုး
မဟုတ်တဲ့ဂိုးတဂိုး
သွင်းယူနိုင်တဲ့ ဒုတိယမြောက်
ဂိုးသမားအဖြစ် မှတ်တမ်း
ရေးထိုးနိုင်ခဲ့ပြီ။

ထူးခြားတာက
ကိန်းဂဏန်းတွေပဲ။
ပရိုဗီဒယ်က ၁၉၉၄ မှာ
မွေးဖွားသူဖြစ်ပြီး
ကျောနံပါတ် ၉၄ ဝတ်တယ်။
အရပ်အမြင့်က
၁.၉၄ မီတာ။
တီကိုနဲ့ပွဲမှာ သူ
ဂိုးသွင်းတာက ၉၄ မိနစ်။

တိတိကျကျဆိုရင်
၉၄ မိနစ်နဲ့ ၁၉ စက္ကန့်။
ဒီလောက်အထိ
တိုက်ဆိုင်လွန်းတာတော့
ဘောလုံးလောကမှာ
ဘယ်တုန်းကမှ
မရှိခဲ့ဘူးလို့ ထင်တာပဲ။

Facebook Comments Box
Facebook Comment