သူရမ်ရဲ့သားကို အပြိုင်လိုက်နေတဲ့ ရီးရဲလ်နဲ့ ဘာကာ

လာလီဂါ ထိပ်သီးကလပ်များဖြစ်သည့် ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့သည် ပြင်သစ်နောက်ခံလူဟောင်း လီလီယန်သူရမ်၏ သားဖြစ်သူ မားကပ်စ်သူရမ်ကို ခေါ်ယူခွင့်ရရန် အပြိုင်ကြိုးစားနေကြောင်း စပိန် အားကစားသတင်းစာ Mundo Deportivo က ဖော်ပြသည်။

မိုချင်ဂလက်ဘတ်တွင် ကစားနေသော အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူး မားကပ်စ်သည် ယခုရာသီတွင် ဘွန်ဒက်စ်လီဂါ ၁ ဂိုး အပါအဝင် ပြိုင်ပွဲစုံ ၈ ပွဲ၌ ၃ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ပေးထားသည်။

၎င်း၏ ခြေစွမ်းကြောင့် ပြင်သစ်နည်းပြ ဒက်စ်ချမ့်က ဖင်လန်နှင့် ခြေစမ်းပွဲ၊ ပေါ်တူဂီ၊ ဆွီဒင်တို့နှင့် ကစားမည့် နေးရှင်းလိဂ် ပွဲစဉ်များအတွက် လက် ရွေးစင် အသင်းကြီးတွင် ပထမဆုံး ခေါ်ယူထားသည်။

၁၉၉၈ ကမ္ဘာ့ဖလား၊ ယူရို ၂၀၀၀ ပြိုင်ပွဲတို့တွင် ဗိုလ်စွဲခဲ့သော ပြင်သစ် အသင်းသား တစ်ဦးဖြစ်သူ သူရမ်သည် ၂၀၀၈ ခုနှစ်က ဘောလုံးသမားဘဝမှအနားမယူမီ ဘာစီလိုနာတွင် ၂ နှစ် ကစားဖူးသည်။

၂၀၁၉ ခုနှစ်တွင် ဂူအင်ဂမ့်မှ ယူရို ၁၂ သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် မားကပ်စ်သည် မိုချင်ဂလက်ဘတ်အတွက် ပြိုင်ပွဲစုံ ၄၇ ပွဲ၌ ၁၇ သွင်းယူထားသည်။

ဘယ်တောင်ပံတိုက်စစ်တွင် ကစားသော မားကပ်စ်သည် ဘာစီလိုနာသို့သာ ရောက်ရှိလာပါက အဆိုပါနေရာ၌ အန်ဆူဖာတီနှင့် ယှဉ်ပြိုင်ရဖွယ် ရှိနေပြီး ဘာစီလိုနာနှင့် ရီးရဲလ်တို့သည် ၎င်းအား လာမည့် နွေရာသီတွင် အပြိုင်ကမ်းလှမ်းသွားမည်ဖြစ်သည်။

ရီးရဲလ်နည်းပြ ဇီဒန်းသည် ၎င်း၏သူငယ်ချင်း သူရမ်၏သား မားကပ်စ် ၏ခြေစွမ်းကို အောက်တိုဘာ ၂၇ ရက်က မိုချင်ဂလက်ဘတ်နှင့် ၂ ဂိုးစီ သရေကျသော ချန်ပီယံလိဂ်ပွဲတွင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီး ထိုပွဲတွင် မားကပ်စ်က ရီးရဲလ်ဘက်သို့ ၂ ဂိုးစလုံး သွင်းယူပေးခဲ့သည်။

Ref:Mundo Deportivo

Facebook Comments Box
Facebook Comment