သီယာဂို အနားရောက်အောင်ပင် မစွမ်းဆောင်နိုင်ခဲ့ဟု မေဆန်မောင့် ဝန်ခံ

ချဲလ်ဆီးကွင်းလယ်လူ မေဆန်မောင့်က ဥရောပချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်း၏ ကစားပုံကို ချီးကျူးလိုက်ပြီး မိမိအနေဖြင့် ပြိုင်ဘက်ကွင်းလယ်လူ သီယာဂိုအယ်ကန်တာရာ၏ အနားသို့ ရောက်ရှိနိုင်ရန်ပင် မစွမ်းဆောင် နိုင်ခဲ့ဟု ဝန်ခံလိုက်သည်။

အသက် ၂၁ နှစ်အရွယ် အင်္ဂလန်ကစားသမားက ဂျာမန်ချန်ပီယံအသင်း၏ လျင်မြန်သည့်ကစားပုံကို ရည်ညွှန်း ခဲ့ပြီးဖြစ်ပြီး ဘိုင်ယန်ရှုံးပွဲမှ သင်ခန်းစာများစွာ ရခဲ့သလို ကစားသမားဘဝ နောက်တစ်ဆင့်တက်နိုင်ရေး အစွမ်းကုန် ကြိုးစားသွားမည်ဟုလည်း ကတိပြုသည်။

ချဲလ်ဆီးသည် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် ဘိုင်ယန်နှင့်ဆုံတွေ့ခဲ့ပြီး အိမ်ကွင်းတွင် ၃-၀ ဂိုး၊ အဝေးကွင်းတွင် ၄-၁ ဂိုးတို့ဖြင့် အရေးနိမ့်ကာ ပြိုင်ပွဲမှထွက်ခဲ့ရသည်။

အဆိုပါ နှစ်ပွဲစလုံးတွင် မေဆန်မောင့်သည် ပွဲထွက်လူစာရင်းမှ ပါဝင်ခွင့်ရခဲ့သော်လည်း ပြိုင်ဘက်ကွင်းလယ်ကို မယှဉ်နိုင်ခဲ့ကြောင်း ဝန်ခံသည်။

ယမန်နှစ်ရာသီက ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ ၈ ဂိုးသွင်းခဲ့သော မေဆန်မောင့်က “ချန်ပီယံလိဂ်က နောက်တစ်ဆင့်ပါ။ ပွဲတွေက အရမ်းကို ကွဲပြားခြားနားတယ်။ ဘိုင်ယန်က မယုံနိုင်စရာကောင်းတဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေ ပိုင်ဆိုင် ထားတယ်။ လီဝမ်ဒေါစကီးရှိတယ်။ ကွင်းလယ်မှာ ကင်မစ်ချ်နဲ့ သီယာဂိုတို့ရှိတယ်။ သူတို့အနားကို ကပ် တောင် မကပ်နိုင်ဘူး။ သူတို့ ကစားတာက အရမ်းမြန်လွန်းတယ်” ဟု ပြောသည်။

Ref:SportBible

Facebook Comments Box
Facebook Comment