သီယာဂိုဆေးလ်ဗားနှင့် ကာဗာနီတို့ကို လက်လွှတ်ခဲ့ခြင်းက မှားယွင်းကြောင်း လီယိုနာဒို ဝန်ခံ

ဘရာဇီးလ်နောက်ခံလူ သီယာဂိုဆေးလ်ဗားနှင့် ဥရုဂွေးတိုက်စစ်မှူး အက်ဒီဆင်ကာဗာနီတို့ကို အသင်းမှ လက်လွှတ်ခဲ့ခြင်းက မှားယွင်းသည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု ပီအက်စ်ဂျီ အားကစားဒါရိုက်တာ လီယိုနာဒိုက ဝန်ခံသည်။

ပီအက်စ်ဂျီအသင်း၏ အဓိက ကစားသမားများဖြစ်သော ဆေးလ်ဗားနှင့် ကာဗာနီတို့သည် အောင်မြင်မှုများစွာ ရယူနိုင်သော်လည်း ကလပ်ဘက်က သက်တမ်းတိုးရန် ကမ်းလှမ်းခြင်း မရှိသောကြောင့် ယခုနွေရာသီတွင် ထွက်ခွာခဲ့သည်။

ထို့ကြောင့် ကလပ်လက်မဲ့ ဖြစ်သွားသော ၎င်းတို့နှစ်ယောက်ကို ထိပ်တန်းကလပ်အချို့က ကမ်းလှမ်းခဲ့ပြီး ဆေးလ်ဗားက ချဲလ်ဆီး၊ ကာဗာနီက မန်ချက်စတာ ယူနိုက်တက်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိခဲ့သည်။

၎င်းတို့နှစ်ယောက်သည် ပရီးမီးယားလိဂ်တွင် အလျင်အမြန် အထိုင်ကျခဲ့ပြီး ၃၆ နှစ်အရွယ် ဆေးလ်ဗားက ရှက်ဖီးယူနိုက်တက်နှင့်ပွဲတွင် ၎င်းအတွက် ပထမဆုံးဂိုး သွင်းနိုင်ခဲ့သလို ပါဝင်ကစားသည့် ပထမ ၇ ပွဲအနက် ၅ ပွဲ ပေးဂိုးမရှိအောင် ကူညီနိုင်ခဲ့ကာ ၃၃ နှစ်အရွယ် ကာဗာနီကလည်း အဲဗာတန်နှင့်ပွဲတွင် ၎င်းအတွက် ပထမဆုံးဂိုး သွင်းနိုင်ခဲ့သည်။

ပီအက်စ်ဂျီသည် ယခုရာသီ ပြင်သစ်လီဂူးတွင် ထိပ်ဆုံးနေရာမှ ဦးဆောင်လျက်ရှိသော်လည်း ချန်ပီယံလိဂ်တွင်မူ ၃ ပွဲကစားထားပြီး အစ္စတန်ဘူလ်ကိုသာ အနိုင်ရကာ မန်ယူနိုက်တက်နှင့် လိုက်ပ်ဇစ်တို့ကို ရှုံးနိမ့်ခဲ့သည်။

လက်ရှိတွင် ပီအက်စ်ဂျီ၏ အဓိက ကစားသမားများဖြစ်သော နေမာ၊ အိုင်ကာဒီနှင့် အမ်ဘာပီတို့ ဒဏ်ရာရရှိနေ၍ အခက်တွေ့နေရသည်။

လီယိုနာဒိုက “ကျွန်တော်တို့ သူတို့နှစ်ယောက်နဲ့ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ အဲဒီ အချိန်က သူတို့လိုချင်တာကို ကျွန်တော်တို့ မပေးနိုင်တဲ့ အချိန်ပါပဲ။ အဲဒါက ဘဏ္ဍာ ရေး အခြေအနေနဲ့ အခြားသော ပြသနာတွေကြောင့် ဖြစ်ရတာပါ” ဟု ပြောသည်။

Ref:frnews

Facebook Comments Box
Facebook Comment