သားသမီး ရှိသလားဟု တိုနီခရူးစ်ကို အူဘာမီယန် တုံ့ပြန်လာ

ပီယာရီအီမီရစ်အော်ဘာမီယန်သည် ဂိုးသွင်းအောင်ပွဲခံမှုအား ဝေဖန်မှုပြုလုပ်ခဲ့သည့် တိုနီခရူးစ်ကို တုံ့ပြန်ပြောကြားလိုက်သည်။ တိုနီခရူးစ်သည် မကြာသေးမီတုန်းက စူပါဟီးရိုးဇာတ်ကောင်မျက်နှာဖုံးစွပ်ကာ အောင်ပွဲခံခဲ့ဖူးသည့် အူဘာမီယန်၏ လုပ်ရပ်မှာ ဦးနှောက်မရှိသည့် လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။

သို့ရာတွင် အူဘာမီယန်က ယင်းသို့ စူပါဟီးရိုးဇာတ်ကောင် မျက်နှာဖုံးဖြင့် အောင်ပွဲခံမှုမှာ သားသမီးများ‌ ပျော်ရွှင်ရေးအတွက် ဖြစ်ပြီး နောင်တွင်လည်း ယင်းသို့ အောင်ပွဲခံမှုမျိုး ဆက်လက်ပြုလုပ်သွားဦးမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။

အာဆင်နယ်တိုက်စစ်မှူးသည် စိန့်အက်တီယန်နှင့် ဒေါ့မွန်တို့တွင် ကစားစဉ်က စပိုက်ဒါမင်း မျက်နှာဖုံးဖြင့် အောင်ပွဲခံခဲ့ဖူးပြီး ၂၀၁၉ ခုနှစ်တုန်းက အာဆင်နယ်အတွက် ကစားစဉ် Black Panther မျက်နှာဖုံးဖြင့် အောင်ပွဲခံခဲ့ဖူးသည်။

အသက် ၃၁ နှစ်ရှိ အူဘာမီယန်က “တိုနီခရူးစ်မှာ ကလေးရှိသလား။ ကျွန်တော့်သားလေးအတွက် ဒီလိုလုပ်ခဲ့ဖူးတယ်။ နောက်လည်း လုပ်ဦးမယ်။ တစ်နေ့ကျရင် မင်းမှာ ကလေးတွေ ရှိလာဖို့ မျှော်လင့်တယ်”ဟု အွန်လိုင်းတွင် ရေးသားသွားခဲ့သည်။

ဒါ့အပြင် အော်ဘာမီယန်သည် ဒေါ့မွန်တွင် ကစားစဉ်က မားကိုရူးစ်နှင့်အတူ Batman & Robin မျက်နှာဖုံးဖြင့် အောင်ပွဲခံဓာတ်ပုံကိုလည်း တင်ခဲ့သေးသည်။

Facebook Comments Box
Facebook Comment